စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက်မှာနေတဲ့ ချင်းတိုင်းရင်းသူ ဂိုရှင်းဟွဲကို စစ်ကောင်စီရဲ့ မြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မနဲ့ ထောင်ဒဏ် ၂ နှစ် ချလိုက်တယ်လို့ မိသားစုဝင်နဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၄ ရက်မှာ ထောင်ဒဏ်ချခဲ့တာဖြစ်ပြီး မဂိုရှင်းဟွဲ့ဟာ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ပြီး CDM လုပ်ဖို့ စည်းရုံးသိမ်းသွင်းခဲ့တာကြောင့် ထောင်ဒဏ်၂နှစ် ချမှတ်ခဲ့တာလို့ သိရပါတယ်။
ကလေး PDF အဖွဲ့ဝင် တဦးက "တရားဥပဒေကသူတို့လက်ထဲမှာရှိတာ။ သူတို့ ဆုံးဖြတ်တဲ့ အတိုင်းပေါ့။ ကျနော်တို့ ဘက်ကတော့ ဆက်ပြီးတော်လှန်တိုက်ခိုက် နေရုံပါပဲ" လို့ ပြောပါတယ်။
ဇန်နဝါရီ ၁၃ ရက်က ကလေးမြို့ သဇင်ရပ်ကွက်မှာ စစ်တပ်က ရှောင်တခင်စစ်ဆေးနေစဉ် လူမှုကွန်ရက်ပေါ်မှာ အများပြည်သူ ထိတ်လန့်ကြောက်ရွံ့စေဖို့ မဟုတ်မှန်သတင်းရေးသားမှုနဲ့ ဂိုရှင်းဟွဲကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။
ကလေးမြို့မှာ စစ်ကောင်စီရဲ့ဖမ်းဆီးထိန်းသိမ်းခံရသူ ဒေသခံ ၁၀၀၀ ဝန်းကျင်ရှိတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။