ဖေဖော်ဝါရီ ၂ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် ၃၉ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ အယောက် ၂၀ ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာတော့ အကြမ်းဖက် စစ်ကောင်စီကား ၂ စီးကို PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဘုတလင်မြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေကို PDF တပ်ဖွဲ့တွေက ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကိုင်းမြို့နယ်မှာတော့ ကင်းလှည့်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို PDF တပ်ဖွဲ့တွေက ဖောက်ခွဲရှင်းလင်းခဲ့ကြပြီး မြင်းမူမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီ ရဲစခန်းကို PDF က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ KIA တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ PDF တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီ သတင်းပေးသူလျှိုကို PDF က ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။