ကယား (ကရင်နီ) ပြည်အတွင်း တိုက်ပွဲတခုမှာ ကျဆုံးသွားတဲ့ ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) က ရဲဘော် ၁ ဦးရဲ့ ဈာပနကို ဇန်နဝါရီ ၂ ရက်က ပြုလုပ်ခဲ့တယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) က ထုတ်ပြန်ပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်ဟာ ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၁၉ နှစ်အရွယ် ရဲဘော်မဲကြီးဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက် နေ့လယ် ၁ နာရီခွဲမှာ ကယား (ကရင်နီ) ပြည်နယ် ဒေသအတွင်း ရှေ့တန်းတနေရာမှာ စစ်ကောင်စီတပ်တွေကို ခုခံတော်လှန်ရင်း ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစုနဲ့ ရှမ်းပြည် (တောင်ပိုင်း) ဒေသခံဝောာ်လှန်ရေးတပ်ပေါင်းစုတို့ဟာ ကယား (ကရင်နီ) ဒေသအတွင်း စစ်ရေး ပူးပေါင်းတိုက်ခိုက်ခဲ့တာ ၃ လပြည့်ခဲ့ပြီး SSLRU တပ်ပေါင်းစုမှ ရဲဘော်မဲကြီးဟာ ပထမဆုံး ကျဆုံးခဲ့တာလို့ သိရပါတယ်။
ရဲဘော်မဲကြီးကို နွေဦးတော်လှန်ရေးရဲ့ အာဇာနည်အဖြစ် အစဉ်ထာဝရ အသိအမှတ်ပြု မှတ်ကျောက်တင်ဂုဏ်ပြုရင်း ရဲဘော်နဲ့ တိုင်းရင်းသားပြည်သူလူထုတို့ လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မရမချင်း ဆက်လက် တိုက်ပွဲဝင် တော်လှန်သွားမယ်လို့ ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု က ပြောပါတယ်။