Home
မြန်မာသတင်း
ပုလဲမြို့တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်တပ်မီးရှို့ခံရသည့် ဒေသခံများကို ပုလဲ ပအဖ ထောက်ပံ့
DVB
·
February 2, 2023
326955151_677152534197936_3639267978420478024_n
328885303_2111771519012110_1022888838897978294_n
328145999_6013988738659608_7939501093382537387_n
326535340_756496029151599_5931132701677614656_n
Pearl

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ဆေးရုံမြောက်ဘက်မှာ ဒီနေ့ ဖေဖော်ဝါရီ ၂ ရက် မနက် ၉ နာရီလောက်က စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အခုလိုမိုင်းဆွဲခံရပြီး စစ်ကောင်စီဘက်က ၈ ဦး ဒဏ်ရာရရှိပြီး ၃ ဦးသေဆုံးတယ်လို့ ဒေသခံ ဒေါင်းနက် PDF ခေါင်းဆောင် ဆရာပေက ပြောပါတယ်။

“ပုလဲမြို့အရှေ့ဘက်ကို အင်အား ၁၀၀ လောက်နဲ့ ထွက်လာတာကို ဆေးရုံ မြောက်ဘက်လမ်းကြားမှာ မိုင်း ၅ လုံးဆွဲ တိုက်ခိုက်ခဲ့တာဗျ။ ကျနော်တို့ကို ဘယ်အချိန်မှာ စစ်ကြောင်းထွက်မယ်ဆိုတာ ညကတည်းက ဖရဲသီးက သတင်းပို့ထားတယ်။ အဲလိုသိလို့ မိုင်းကွင်းတွေ ကြိုခင်းထားပြီး သူတို့တက်လာတဲ့အချိန် အခုလို တိုက်ခိုက်လိုက်တာဗျ။”

အခုမိုင်းဆွဲခံရတဲ့ စစ်ကောင်စီတပ်ဟာ ပုလဲမြို့က‌နေ ဆားလင်းကြီးမြို့နယ်ဘက် စစ်ကြောင်းထိုးဖို့ စတင်ထွက်ခွာရင်း အခုလို မိုင်းဆွဲခံရတာဖြစ်တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်သား‌တွေရဲ့‌ နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ မီးဘေးသင့်ပြည်သူတွေကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စားနပ်ရိက္ခာတွေနဲ့ အသုံးစရိတ်တချို့ ကူညီထောက်ပံ့ပေးခဲ့ပါတယ်။

ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ပူးပေါင်းပြီး စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မြေနီကုန်းရွာရှိ နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အဆိုပါကျေးရွာ‌တွေက မီးဘေးသင့်ပြည်သူတွေအတွက် အလှူရှင်တွေ လှူဒါန်းထားတဲ့ ထောက်ပံ့ကြေး‌ အလှူငွေ ၆၅၀,၀၀၀ ကျပ်နဲ့ ဆန်အိတ် ၁၃ အိတ်ကို သွားရောက် ထောက်ပံ့ခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၂,၂၂၈ ဝန်းကျင် မီးလောင်ဆုံးရှုံးထားပြီး စစ်ကောင်စီက ဂန့်ဂေါနယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက် သတင်းအမှောင်ချထားတာ ၁ နှစ်ကျော် ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး ကူညီထောက်ပံ့ဖို့ ကျန်ရှိနေတဲ့ စစ်ဘေးရှောင်နဲ့ မီးဘေးသင့်ပြည်သူတွေ အတွက်လည်း ဆက်လက်ထောက်ပံ့နိုင်ဖို့ ကြိုးစားနေပြီး ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ပူးပေါင်းပါဝင် လှူဒါန်း‌ကူညီပေးကြဖို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က‌ မေတ္တာရပ်ခံထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024