မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးကို ဖေဖော်ဝါရီ ၁ ရက် မနက်က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး အဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပခုက္ကူ-PDF ကနေ သိရပါတယ်။
“ကမ္မမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီဌာနရုံးကို ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၉ နာရီခွဲလောက်မှာ ကျနော်တို့ ရဲဘော်တွေက စစ်အာဏာသိမ်း ၂ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် မိုင်းအကြီးတလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ” လို့ PPDF ရဲ့ ပြန်ကြားရေးတာဝန်ခံ အတီးက ပြောပါတယ်။
အဲဒီထွေအုပ်ရုံးဟာ လုံခြုံရေးအရ လုပ်ငန်းလည်ပတ်နိုင်ခြင်း မရှိတော့လို့ ပြီးခဲ့တဲ့ တနှစ်ကျော်လောက်ကတည်းက ပိတ်ထားတဲ့အတွက် လူထိခိုက်မှုမရှိဘဲ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ပခုက္ကူမြို့နယ်၊ ဘုန်းကန်ရွာမှာ ဇန်နဝါရီ ၃၁ ရက် ညနေက စစ်ကောင်စီတပ်သားတွေနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိသူ များပြားကာ PDF ရဲဘော် ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့- CGF ကနေ သိရပါတယ်။
ပခုက္ကူမြို့နယ် ဘုန်းကန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၁၀ ယောက်ခန့်နဲ့ ပျူစောထီးတွေကို ဇန်နဝါရီ ၃၁ ရက် ညနေ ၄ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့တယ်လို့ ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့ CGF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ဘကွန်းက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ဖို့ သွားတဲ့အချိန်မှာ သူတို့ဘက်က သတင်းကြိုရသွားလို့ စက်လတ်တွေ ၄၀ မမ တွေနဲ့ စပစ်တာဗျ။ နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ပွဲ တနာရီကျော်လောက် ဖြစ်ပွားခဲ့ပြီး သူတို့ဘက်က ထိခိုက်သေဆုံးသူ များတယ်။ ကျနော်တို့ ရဲဘော် ၂ ယောက် ၄၀ မမ ကျည်စထိမှန်ပြီး ဒဏ်ရာနည်းနည်း ရရှိခဲ့တယ်။”
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
ပခုက္ကူမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ အတုယောင် ရွေးကောက်ပွဲအတွက် စစ်အုပ်စုနဲ့ အပေါင်းအပါတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက လူဦးရေစာရင်း ကောက်ခံနေတာတွေ တွေ့ရှိရပြီး ချက်ချင်းရပ်တန့်ဖို့နဲ့ ဆက်လက်လုပ်ဆောင်နေပါက ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ PPDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။