ဇန်နဝါရီ ၃၁ ရက် မနေ့ကတရက်တည်း တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် အယောက် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၇ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်နဲ့ ကောလင်းမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ PDF တို့တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို ရွှေဘိုမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဝက်လက်မြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို PDF က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို PDF က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြပြီး ရေစကြိုမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေကို PDF က ၆၀ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို KIA တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။