မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဘေးကလွဲရွာ၊ ကြိုးတံတားချောင်းအနီးမှာ ဇန်နဝါရီ ၃၀ ရက် မနက် ၁၀ နာရီလောက်က အမျိုးသားတယောက် မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အသက် ၆၀ ကျော်အရွယ် နိုင်ကိုးမိုင်ဟာ ကြိုးတံတားချောင်းနားက သူ့ရဲ့ဥယျာဉ်ခြံမှာ ရေပိုက်လာပြင်စဉ် မြေမြှုပ်မိုင်းနင်းမိခဲ့တာကြောင့် ဘယ်ခြေထောက် ပြတ်တောက်ဒဏ်ရာ ရရှိခဲ့တာပါ။
မြေမြှုပ်မိုင်းနင်းမိခဲ့တဲ့ နိုင်ကိုးမိုင်ကို လမိုင်းဆေးရုံကနေ မော်လမြိုင် ကုတင် ၃၀၀ ဆေးရုံဆီ လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။
နိုင်ကိုးမိုင် မြေမြှုပ်မိုင်းနင်းမိခဲ့တဲ့ ကြိုးတံတားချောင်းမှာ စစ်ကောင်စီတပ်က ကင်းစခန်းချပြီး တပ်စွဲနေထိုင်နေတဲ့ နေရာတခုလည်း ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီတပ် ကင်းစခန်းချထားတဲ့ နေရာနားမှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဆိုင်ကယ် မောင်းနှင်လာတဲ့ အမျိုးသား တဦး မြေမြှုပ်မိုင်း နင်းမိခဲ့တာကြောင့် လူအနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပေမဲ့ ဆိုင်ကယ်တစီးလုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပေါ်နေပါတယ်။