ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့နယ်ထဲက မီးပုံပွဲကွင်းမှာ ဒေသတွင်း ရိုးရာပွဲတော်ဖြစ်တဲ့ မီးပုံပွဲကို ဖေဖော်ဝါရီ ၁ ရက်ကနေ စတင်ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
အဲဒီလို မီးပုံပွဲမကျင်းပခင် မီးပုံတိုင်ထူပွဲကို ဇန်နဝါရီ ၂၈ ရက်မှာ ကျင်းပခဲ့ပြီး မီးပုံပွဲကိုတော့ ဖေဖော်ဝါရီ ၁ ရက်ကနေ ၄ ရက်နေ့ထိ ၄ ရက် ကျင်းပသွားမှာဖြစ်ကာ အခုကျင်းပတာက ၁၉၇ ကြိမ်မြောက် ရှိပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။
နယ်မြေအေးချမ်းတည်ငြိမ်မှုမရှိတဲ့အချိန်မှာ အခုလို ပွဲကျင်းပတာကို ဝေဖန်မှုတွေရှိနေပေမဲ့ ရှေးအစဉ်အဆက်က ပြုလုပ်လာခဲ့တာဖြစ်သလို မီးပုံပွဲ မကျင်းပနိုင်တဲ့နှစ်မှာ ဘေးအန္တရာယ်အမျိုးမျိုး ဖြစ်လာမယ်လို့ ဟိုးအရင်တည်းက အယူရှိတဲ့အတွက် အခုလို ကျင်းပဖြစ်တာလို့လည်း ပွဲစီစဉ်သူက ပြောပါတယ်။
မီပုံပွဲကို ဓမ္မသုခကျောင်း (ရသေ့ကျောင်း) ဆရာတော်ကြီးက အဓိက ဦးဆောင်ကျင်းပတာ ဖြစ်ပြီး ဒကာတွေ၊ ရွာသူရွာသားတွေနဲ့ အဖွဲ့အစည်းတချို့က နိုင်တဲ့ဘက်က လာရောက်ဝိုင်းဝန်းကူညီကြပြီး လုံခြုံရေးကိုလည်း ဝိုင်းဝန်းလုပ်ဆောင်ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကျုံဒိုးမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ KNLA လက်အောက်ခံ ပူးပေါင်းတပ်တွေ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက နေအိမ်တွေကို မီးရှို့ဖျက်စီးခဲ့လို့ ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။