တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာမှာ တနင်္ဂနွေအပတ်စဉ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ဆိုင်ကယ်စီးပြီးလာတက်တဲ့ သားအဖကို ဇန်နဝါရီ ၂၉ ရက် မနက် ၉ နာရီခွဲလောက်မှာ ပျူစောထီးအဖွဲ့က ပစ်ခတ်လိုက်တာကြောင့် သားဖြစ်သူ ကျည်ထိမှန်ပြီး အရေးပေါ်ကုသနေရပါတယ်။
ကျည်ထိမှန်ခဲ့သူမှာ ကလိန်အောင်မြို့နယ်၊ မိုင် ၆၀ ရွာမှ အသက် ၁၆ နှစ်အရွယ် မောင်သြနေသိမ့် ဖြစ်ပြီး ဖခင်ဖြစ်သူ မောင်းနှင်လာတဲ့ ဆိုင်ကယ်နောက်မှာ ထိုင်လိုက်လာရင်း ပစ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒေသခံတဦးက “သူတို့က (ပျူစောထီး) ဂိတ်ဖွင့်ပြီး စောင့်နေတာလည်း မဟုတ်တော့ လမ်းဘေးမှာ သူတို့စောင့်နေမှန်းလည်း မသိဘူး။ သူတို့လှမ်းတားတာ မကြားလို့ မရပ်ပေးတာကို ပစ်လိုက်တာ၊ သုံးချက်မှာ ၂ ချက်က နောက်ကထိုင်လာတဲ့ကောင်လေးကို ထိသွားတယ်” လို့ ပြောပါတယ်။
မောင်သြနေသိမ့်ဟာ ကျည်ထိမှန်ကာ လည်ပင်းဒဏ်ရာရရှိခဲ့ပြီး မောရဝတီ ရေတပ်ဆေးရုံက တဆင့် ထားဝယ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။
အခုလို ဆိုင်ကယ်စီးနင်းလာတဲ့သားအဖ ပစ်ခတ်ခံခဲ့ရတဲ့ မင်းသားရွာမှာ ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ထားတာ မရှိပေမဲ့ စစ်ကောင်စီက ဆိုင်ကယ်လုံးဝစီးနင်းခွင့်ပိတ်ထားတဲ့ ကံပေါက်ရွာကို ဆိုင်ကယ်နဲ့မသွားဖို့ ပျူစောထီးတွေက တားမြစ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကံပေါက်ဒေသမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရတဲ့ ဇန်နဝါရီ ၂၅ ရက် ညနေကစပြီး ဆိုင်ကယ်စီးနင်းခွင့် ပိတ်ခံထားရတာ ၅ ရက်ရှိနေပြီဖြစ်ပြီး ဖမ်းခံထားရတဲ့ ဒေသခံတွေလည်း ပြန်မလွတ်လာသေးဘူးလို့ သိရပါတယ်။