အသက်အန္တရာယ်ရှိတဲ့ ပင်လယ်ပြင်ရေလမ်းခရီးကို ခနော်ခနဲ့ မိုးမလုံလေမလုံ စက်လှေငယ်လေးတွေနဲ့ လူတွေအစုလိုက်အပြုံလိုက်တင်ကာ စွန့်စွန့်စားစား ထွက်ခွာလာနေကြတာဟာ ရိုဟင်ဂျာတွေရဲ့ မျှော်လင့်ချက်မဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေမှုကို ထင်ဟပ်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ UNHCR ကပြောပါတယ်။
၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းတွေမှာ မျှော်လင့်ချက်မဲ့စိတ်ပျက်နေကြတဲ့ ရိုဟင်ဂျာ ၃၅၀၀ ကျော်ဟာ စက်လှေ ၃၉ စီးနဲ့ ပင်လယ်ပြင်ကို စွန့်စားထွက်ခွာခဲ့ကြကြောင်း UNHCR ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှားဘီးယားမန်တူးက ပြောပါတယ်။
ဒါဟာ လူအယောက် ၇၀၀ စွန့်စားထွက်ခွာခဲ့ကြတဲ့ အရင် ၂၀၂၁ ခုနှစ်ကထက် ၃၆၀ ရာခိုင်နှုန်း ပိုများလာခဲ့တာပဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။
UNHCR က ထုတ်ပြန်ခဲ့တဲ့ နောက်ဆုံးအချက်အလက်တွေအရ အန္တရာယ်များတဲ့ ဒီခရီးမှာ အသက်ဆုံးရှုံးခဲ့သူ ဒါမှမဟုတ် ပျောက်ဆုံးခဲ့ရသူ အရေအတွက်ဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ ၃၄၈ ဦးရှိခဲ့ပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်း အရေအတွက်အများဆုံးနှစ်ဖြစ်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်အတွင်း မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ် ပင်လယ်ပြင်တွေမှာ စွန့်ပစ်ခံခဲ့ရသူ ၃၀၄၀ ဦး ရှိပြီး ၄၅ ရာခိုင်နှုန်းနီးပါးဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ UNHCR က ပြောပါတယ်။
၂၀၂၂ ခုနှစ်ရဲ့ နောက်ဆုံး နှစ်လအတွင်းမှာ အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသကို ရိုဟင်ဂျာ ၄၅၀ သယ်ဆောင်လာခဲ့တဲ့ စက်လှေ လေးစီးဆိုက်ကပ်ခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံကိုလည်း ရိုဟင်ဂျာ ၁၀၀ ကျော်သယ်ဆောင်လာတဲ့ စက်လှေတစ်စီးဆိုက်ရောက်ခဲ့ပါတယ်။
ရိုဟင်ဂျာ ၁၈၀ ခန့်တင်ဆောင်လာတဲ့ စက်လှေတစ်စီးဟာလည်း ပင်လယ်ပြင်မှာ နစ်မြှုပ်ခဲ့တယ်လို့ ယူဆရကြောင်း UNHCR ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီဇင်ဘာလအတွင်းမှာ ထွက်ခွာလာခဲ့တဲ့ စက်လှေအချို့ဟာ နှစ်ကုန်တဲ့အထိ ပင်လယ်ထဲမှာမျောနေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းစစ်ဆင်ရေးကြောင့် ၂၀၁၇ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာ ၇ သိန်းထဲကနေမှ ပင်လယ်ပြင်ခရီးကို စွန့်စားထွက်ခွာခဲ့ကြတဲ့ ရိုဟင်ဂျာလူမျိုးတွေရဲ့ အားနည်းချက်တွေကိုလည်း မစ္စမန်တူးက အလေးအနက်ထောက်ပြခဲ့ပါတယ်။
“ရိုဟင်ဂျာတွေ မျှော်လင့်ချက်မဲ့ စိတ်ပျက်ပြီး အနာဂတ်အတွက် ပူပန်နေကြတာတွေ၊ သူတို့ရဲ့ လုံခြုံရေးအတွက် အကာအကွယ်လိုချင်တဲ့ မျှော်လင့်ချက်တွေအကြောင်း သတင်းတွေကို ကျမတို့ ကြားပါတယ်။ တချို့တွေကလည်း သူတို့ရဲ့ မိသားစုတွေနဲ့ ပြန်နေချင်ကြတယ်။ အဲဒါကို လူမှောင်ခိုသမားတွေက မျှော်လင့်ချက်အတုတွေပေး မဖြစ်နိုင်တာတွေပြောပြီး သူတို့ရဲ့ အားနည်းချက်တွေအပေါ်မှာ အမြတ်ထုတ်နေကြတယ်” လို့ သူကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ကနေ အန္တရာယ်များလှတဲ့ ပင်လယ်ပြင်ခရီးကို စွန့်စားထွက်ခွာပြီး အင်ဒိုနီးရှားကို ရောက်လာခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တယောက်က နိုင်ငံသားအခွင့်အရေးအပြည်အဝနဲ့ မြန်မာနိုင်ငံကိုပြန်ချင်တဲ့သူတို့ရဲ့ ဆန္ဒကို ရိုက်တာသတင်းဌာနကို ပြောပြခဲ့ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည် မိုဟာမက်ဖေရို့စ်က “သူတို့က ကျနော်တို့ အိမ်တွေကိုမီးရှို့ပြစ်တယ်။ ကျနော်တို့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို လုယူကြတယ်။ အပြစ်မရှိတဲ့ ကျနော်တို့ရဲ့ မိသားစုဝင်တွေကို သတ်ဖြတ်ပစ်ကြတယ်။ ကျနော်တို့ရဲ့ အမေတွေ ညီမတွေကို ကျနော်တို့ရှေ့မှာတင် မုဒိမ်းကျင့်တယ်။ ကျနော်တို့ ဘယ်မှသွားစရာမရှိဘူး။ အားလုံးလည်း ငိုယိုနေကြရတယ်။ အရပ်သားတွေကရော အစိုးရကပါ ဒါက မင်းတို့ရဲ့ နိုင်ငံမဟုတ်ဘူး။ တခြားနိုင်ငံကို သွားကြဆိုပြီး ပြောကြတယ်။”လို့ပြောပါတယ်။
ဖေရို့စ်ဟာ သူ့မိသားစုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက အကြီးဆုံးရိုဟင်ဂျာဒုက္ခသည်စခန်းဖြစ်တဲ့ ကော့ခ်ဘဇားမှာ ချန်ထားခဲ့ပြီး ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။ အဲဒီမှာသူက ဆရာအဖြစ်လုပ်ကိုင်နေတာကို မလိုလားတဲ့လူတစ်စုက သတ်ဖို့ခြိမ်းခြောက်ခဲ့တာကြောင့် သူ့အမေကစိုးရိမ်ပြီးလွှတ်လိုက်တာလို့ ဆိုပါတယ်။
တခြားရိုဟင်ဂျာ ၁၈၃ ဦးနဲ့အတူ ဖေရို့စ် စီးနင်းလိုက်ပါလာတဲ့ စက်လှေဟာ မလေးရှားကို ဦးတည်ထွက်ခွာလာခဲ့တာဖြစ်ပြီး လမ်းမှာအင်ဂျင်ပျက်သွားတဲ့နောက် စက်လှေမောင်းသူက စွန့်ပစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ၂၉ ရက်ကြာအောင် ပင်လယ်ထဲမှာမျောနေခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသကို ပြီးခဲ့တဲ့ရက်သတ္တပတ်က ဆိုက်ရောက်လာခဲ့တာဖြစ်ပါတယ်။
အဲဒီအချိန်ကနေစပြီး ဖေရို့စ်တို့ကို နောက်ထပ်နှစ်လအထိနေထိုင်ဖို့ အစိုးရလေ့ကျင့်ရေးကျောင်းထဲမှာ နေရာချထားပေးခဲ့ကြပါတယ်။ သူတို့အတွက် တိကျသေချာတဲ့ အစီအစဉ်တော့ ရှိမနေဘူးလို့ ဆိုပါတယ်။
“ကျနော်တို့မှာ နေစရာမရှိဘူး၊ ကူရာကယ်ရာမဲ့နေကြတယ်။ အစိုးရကလည်း ဒါ မင်းတို့နိုင်ငံမဟုတ်ဘူး။ တခြားနိုင်ငံကို သွားရမယ်လို့ ပြောတယ်။” လို့ သူကပြောပါတယ်။
ဖေရို့စ်ဟာ သူ့ရဲ့ အင်္ဂလိပ်စကားပြောစွမ်းရည်နဲ့ စခန်းမှာရှိတဲ့ အခြားဒုက္ခသည်တွေကို NGO တွေမှာ စာရင်းသွင်းတဲ့အလုပ်ကို ကူညီဆောင်ရွက်ပေးနေပါတယ်။
ဒီဇင်ဘာလကုန်ပိုင်းမှာ ဆိုက်ကပ်လာခဲ့တဲ့ စက်လှေပါ ရိုဟင်ဂျာ ၁၇၄ ဦး အပါအဝင် ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ အာချေးဒေသကိုရောက်ရှိလာခဲ့ကြတဲ့ ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေကြောင့် စိတ်မသက်မသာဖြစ်နေကြတဲ့ ဒေသခံတွေလည်းရှိနေပါတယ်။
“ဒီမှာတောင် ငွေရှာရခက်နေတာလေ။ သူတို့အတွက် နေ့စဉ်ထောက်ပံ့ပေးဖို့ဆိုတာကျတော့ သူတို့လူတွေဆီကပဲ အကူအညီတောင်းတာပိုကောင်းမယ်” လို့ အသက် ၂၉ နှစ်အရွယ် အင်ဒိုနီးရှား ဒေသခံအိမ်ထောင်ရှင်မ ရာမိုနာဖယ်ရာရိုဆာက ပြောပါတယ်။
ရိုဟင်ဂျာ စက်လှေဆိုက်ကပ်လာစဉ်မှာ သူဟာ ကမ်းခြေမှာ ပလတ်စတစ် လိုက်ကောက်နေခဲ့တာလို့ဆိုပါတယ်။ ရိုဟင်ဂျာတွေရဲ့ အခက်အခဲကို နားလည်ပေမဲ့ သူတို့ရဲ့ ရည်ရွယ်ချက်ကို မသိရတာဟာ သူ့အတွက်စိတ်မသက်မသာဖြစ်စေတယ်လို့ ဖယ်ရာရိုဆာက ပြောပါတယ်။
ဗုဒ္ဓဘာသာအများစုနေထိုင်ရာ မြန်မာနိုင်ငံမှာ နှိပ်ကွပ်မှုတွေခံနေရတဲ့ ရိုဟင်ဂျာတွေဟာ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့လို အိမ်နီးချင်းနိုင်ငံတွေအပြင် မူစလင်များစုနေထိုင်ရာ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ကို ထွက်ပြေးခိုလှုံနေကြတာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပါတယ်။ UNHCR ရဲ့ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာကိုယ်စားလှယ် အန်းမေမန်းက အဲဒီနိုင်ငံတွေကိုလည်း ရိုဟင်ဂျာတွေ ပြန်လည်နေရာချထားရေးမှာ ပါဝင်ကူညီကြဖို့ တောင်းဆိုခဲ့ပါတယ်။
“ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားအပြင် ဒေသတွင်းမှာ စီးပွားရေးပိုအဆင်ပြေတဲ့ နိုင်ငံတွေအများကြီးရှိတယ်။ သူတို့မှာ လိုအပ်တဲ့ ရင်းမြစ်တွေ ပိုရှိတယ်ဆိုတော့ ဘင်္ဂလားဒေ့ရှ်က ခါးစည်းခံနေရတဲ့တာဝန်တွေက သူတို့က မျှပြီးယူပေးကြရင်မကောင်းဘူးလား” လို့ UNHCR ရဲ့ ကိုယ်စားလှယ် အန်းမေမန်းက ပြောပါတယ်။
“အင်ဒိုနီးရှားမှာ ပြန်လည်နေရာချထားရေး အတော်များများကို ကျမတို့ ဆောင်ရွက်ပြီးပါပြီ။ အခုကျမတို့ကြုံနေရတဲ့ ပြဿနာက ယာယီကြားခံနိုင်ငံ ဆိုတဲ့စကားရဲ့ အဓိပ္ပါယ်မှာ ယာယီကြားခံကာလက အရမ်းကြာလာတာပဲ။ ဒီမှာ ဒုက္ခသည်တွေရောက်နေတာ ၁၀ နှစ်လောက်ရှိလာပြီဆိုတော့ ဒါက ယာယီကြားခံ မဟုတ်တော့ဘူး” လို့လည်း UNHCR ရဲ့ ကိုယ်စားလှယ် အန်းမေမန်းက ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည် ၁၈၅ ဦးပါတဲ့ လှေတစင်း အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ကမ်းရိုးတန်းဆီ ဇန်နဝါရီ ၈ ရက်က ဆိုက်ရောက်လာခဲ့တယ်လို့ ဒေသဆိုင်ရာ သဘာဝဘေးအန္တရာယ်အေဂျင်စီ တာဝန်ရှိသူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကနေ အခြေအနေ ဆိုးဆိုးရွားရွားနဲ့ ထွက်ပြေးလာခဲ့ကြသူ ရာနဲ့ချီပြီး အင်ဒိုနီးရှားကို ရောက်ရှိလာခဲ့တာပါ။
ရိုဟင်ဂျာဒုက္ခသည် ၁၇၄ ဦး တင်ဆောင်လာတဲ့ လှေတစ်စင်းဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း အာချေးပြည်နယ်မှာ ဒီဇင်ဘာ ၂၇ ရက်က ဆိုက်ကပ်ခဲ့ပြီး အခုရက်သတ္တပတ်တွေအတွင်း ပင်လယ်ပြင်မှာ တခြားရိုဟင်ဂျာ အယောက် ၂၀ လောက် သေဆုံးဖွယ်ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ပြောပါတယ်။
ဒုက္ခသည်အများစုဟာ ပင်လယ်ပြင်မှာ ရက်သတ္တပတ်တွေချီ ကြာမြင့်ခဲ့လို့ အများစုက ရေဓာတ် ခန်းခြောက်တာနဲ့ ပင်ပန်းနွမ်းနယ်ခြင်းတွေကို ခံစားခဲ့ကြရပြီးတော့ အရေးပေါ်ဆေးကုသမှုတွေ လိုအပ်နေတဲ့အတွက် ဒုက္ခသည်တွေကို အာချေးပြည်နယ် ပိုင်ဒိုင်းခရိုင်ရှိ အလယ်တန်းကျောင်းမှာ ယာယီနေရာချထားပေးပါတယ်။
လတ်တလော ရောက်လာကြသူ အများအပြားရဲ့ ပြောကြားချက်အရ သူတို့လှေပေါ် ပါလာသူတွေထဲက အယောက် ၂၀ လောက် သေဆုံးခဲ့ကြောင်း သိရပြီး သူတို့ဟာ ပိုကောင်းတဲ့ ဘဝကို ရှာဖွေဖို့ အင်ဒိုနီးရှားကို လာခဲ့တာလို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားဒုက္ခသည်စခန်းကနေ ထွက်ခွာလာတဲ့ ရိုဟင်ဂျာ ၁၈၀ လောက်ပါတဲ့ ဒုတိယမြောက် စက်လှေတစီးက အင်ဒိုနီးရှားနိုင်ငံအနီး ပင်လယ်ထဲမှာ စက်ချို့ယွင်းပြီး မျောပါနေတာ ရက်ပေါင်း ၂၀ နီးပါးရှိလာပြီး အစာရေစာပြတ်ကာ အခုထိကူညီမဲ့သူမရှိသေးလို့ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ရိုဟင်ဂျာအသိုင်းအဝန်းကနေ သိရပါတယ်။
နိုင်ငံတကာလူကုန်ကူးမှုနဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို နှိမ်နင်းရေးအတွက် နောက်လထဲမှာ အင်ဒိုနီးရှားမှာ ကျင်းပဖို့ရှိတဲ့ The Bali Process နဲ့အတူ ဒေသတွင်းနိုင်ငံတွေက ဝန်ကြီးတွေဟာ ရိုဟင်ဂျာအရေးအတွက် သီးသန့်တွေ့ဆုံဖို့ရှိနေကြောင်းကို ရိုဟင်ဂျာတွေရဲ့ ဘေးဒုက္ခဒဏ်ကို ခံစားနေရတဲ့ နိုင်ငံတွေကြားစည်းလုံးညီညွတ်ကြဖို့ UNHCR ရဲ့ တောင်းဆိုချက်တစ်ခုမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ကျမတို့ ဒီနေ့ပြောတဲ့ လှုပ်ရှားမှုအကြောင်းကတော့ သူတို့ဟာ ရိုဟင်ဂျာဒုက္ခသည်တွေဖြစ်တယ်၊ သူတို့ဟာ နိုင်ငံတကာက ဝိုင်းဝန်းကာကွယ်ပေးဖို့လိုတဲ့ ဒုက္ခသည်တွေဖြစ်တယ်ဆိုတာပါပဲ။ သူတို့ကို နေရပ်ပြန်ပို့တာမျိုး မလုပ်သင့်ဘူး။ သူတို့ကို အကာအကွယ်ပေးပြီး ကူညီထားသင့်တာဖြစ်ပါတယ်။ အဲဒါကြောင့် ကျမတို့က ဒီနိုင်ငံတွေကို သူတို့ဆိုက်ရောက်လာတဲ့အခါ နိုင်ငံတကာက တရားဝင် သဘောတူလက်ခံထားတဲ့ ဝတ္တရားတွေအတိုင်း လိုက်နာကြဖို့ တောင်းဆိုနေတာပါ။ ပင်လယ်ပြင်ကနေ ကယ်ဆယ်၊ ကုန်းပေါ်ကို ဆယ်ယူ၊ ကာကွယ်စောင့်ရှောက်ထားပြီးတော့ သူတို့အတွက်အသက်အန္တရာယ်ရှိတဲ့ အခြေအနေကိုရောက်အောင် ပြန်မပို့ဖို့ တောင်းဆိုပါတယ်” လို့ မစ္စမန်တူးက ပြောပါတယ်။
“လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်ယူမှု” ကို နောက်ထပ်နိုင်ငံတွေကနေ ပိုပြီးတော့ ကြိုတင်ခန့်မှန်းနိုင်မယ့်၊ သာတူညီမျှရှိမယ့်၊ ရေရှည်ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေနဲ့ တာဝန်ယူပေးကြဖို့ တောင်းဆိုရင်း ရိုဟင်ဂျာအများစုကို ဘင်္ဂလားဒေ့ရှ်က တာဝန်ယူစောင့်ရှောက်ထားရဆဲဖြစ်ကြောင်း မစ္စမန်တူးက ပြောခဲ့ပါတယ်။
“ဘင်္ဂလားဒေ့ရှ်အစိုးရ၊ လူမှုအသိုင်းအဝိုင်းတွေနဲ့ နိုင်ငံသားတွေဟာ သဘောထားပြည့်ပြည့်ဝဝနဲ့ သူတို့ကို လက်ခံပြီးကာကွယ်စောင့်ရှောက်ပေးထားပေမယ့် သူတို့အတွက်နေရာအတည်တကျ မရှိခင်အချိန်တွေမှာ အထောက်အပံ့တွေဆက်လက်ရနေနိုင်ဖို့အတွက် နောက်ထပ်ထောက်ပံ့မှုတွေ လိုအပ်နေဆဲဖြစ်ပါတယ်။” မစ္စမန်တူးက ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်နှစ်က အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ အဆက်မပြတ်နှိပ်ကွပ်မှုတွေ၊ ဒုက္ခသည်တွေရဲ့ အသက်တွေပင်လယ်ပြင်မှာ မဆုံးရှုံးရစေရေးအတွက် လုံလောက်တဲ့ ကာကွယ်တားဆီးမှုတွေ တောင်အာရှကမ်းရိုးတန်းနိုင်ငံတွေမှာ ရှိမနေတာတွေနဲ့ လူမှောင်ခိုသမားတွေက သူတို့ရဲ့ ဘဝအပေါ်အမြတ်ထုတ်နေတာတွေကို တားဆီးနိုင်ခြင်း မရှိသေးတာတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အချိန်မှာပဲ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်တစ်ခု ထပ်မံထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
“ပင်လယ်ပြင်မှာ စွန့်ပစ်ခံထားရတဲ့ စက်လှေတွေပေါ်ကလူတွေကို ကယ်တင်ပေးဖို့အတွက် သက်ဆိုင်ရာ ရေပိုင်နက်တွေက အာဏာပိုင်တွေကို UNHCR က တောင်းဆိုထားတာကိုလည်း ဂရုမစိုက်ကြတော့ ပင်လယ်ပြင်မှာ စက်လှေတွေက ရက်သတ္တပတ်ပေါင်းများစွာ မျောနေတော့တာပေါ့” လို့ မစ္စမန်တူးက ပြောပါတယ်။
ခိုင်မာတဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုမရှိရင်တော့ ပင်လယ်ပြင်မှာ နောက်ထပ်လူတွေအများကြီး ထပ်ပြီး အသက်ဆုံးရှုံးနေရဦးမှာဖြစ်တယ်လို့ ကုလသမဂ္ဂ အရာရှိက ပြောပါတယ်။
ဥဿာဆန်း
Ref:UN/ Reuters
Photo Credit-UN