Home
မြန်မာသတင်း
အိန္ဒိယတွင် မြန်မာစစ်ဘေးရှောင် ၈၀ ကျော် ဖမ်းဆီးခံရ
DVB
·
January 29, 2023
000

အိန္ဒိယ-မြန်မာနယ်စပ်၊ မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့နယ်ခွဲရှိ လန်းချန်းကျေးရွာနဲ့ နီးယူဆလ်ဘုန်းကျေးရွာမှာ ခိုလှုံနေတဲ့မြန်မာစစ်ဘေးရှောင်အမျိုးသား အယောက် ၈၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ စစ်ဘေးရှောင်တွေကူညီပေးနေတဲ့သူတွေထံက သိရပါတယ်။

ဇန်နဝါရီ ၂၇ ရက်မှာ မိုးရေးမြို့ရှိ အိန္ဒိယကွန်မန်ဒိုရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး စစ်ဘေးရှောင်တွေထဲမှာ အသက် ၁၈ နှစ် မပြည့်သေးတဲ့သူ ၁၀ ယောက် အပါအဝင် အမျိုးသား ၈၁ ယောက်ကို  ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၆ ရက်က မိုးရေးမြို့မှ ၇ ကီလိုမီတာခန့်ကွာဝေးတဲ့ လန်းချန်းကျေးရွာနဲ့ နီးယူဆလ်ဘုန်းကျေးရွာကြားမှာ ကျေးရွာလူကြီးချင်း နယ်မြေအငြင်းပွားမှု ဖြစ်ရာက အမှုဖွင့်တိုင်ကြားချက်ကြောင့် အစိုးရဌာနဆိုင်ရာတွေနဲ့ ရဲတွေ လာရောက်ဖြေရှင်းရာမှာ အထောက်အထားမဲ့ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေကို တွေ့ရှိရတာကြောင့် ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဒေသခံကပြောပါတယ်။

ဖမ်းဆီးခံရသူအများစုက ချင်းလူမျိုးတွေဖြစ်ကြပြီး တမူးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေအကြား တိုက်ပွားတွေဖြစ်ပွာနေတာကြောင့် နယ်စပ်ဘက်ကို ထွက်ပြေး ခိုလှုံလာကြသူတွေဖြစ်ကြပြီး၊ စစ်ဘေးရှောင်တွေ ဖမ်းဆီးခံရလို့ အရမ်းဝမ်းနည်းမိပါတယ်။ ကွန်မန်ဒိုရဲတပ်ဖွဲ့က စစ်ရှောင်အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကိုတော့ ဖမ်းဆီးတာမရှိဘူးလို့  စစ်ရှောင်တွေကို ကူညီပေးနေတဲ့ တမူး PDF အဖွဲ့ဝင်က ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ စစ်ဘေးရှောင်အမျိုးသားတွေကို ထောင်ဒဏ်  ၅ နှစ်အထိချမှတ်နိုင်တဲ့ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားသားအက်ဥပဒေပုဒ်မ ၁၄ အရ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး လက်ရှိဖမ်းဆီးခံရတဲ့ စစ်ရှောင်တွေကို အင်ဖားမြို့သို့ ပို့ဆောင်လိုက်ပြီလို့ အိန္ဒိယသတင်းဌာန‌တွေမှာ ဖော်ပြထားပါတယ်။

အိန္ဒိယလို ဒီမိုကရေစီနိုင်ငံတခုအနေနဲ့ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကြောင့် ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ခုလို ပုဒ်မတွေတပ်ပြီး ဖမ်းဆီးတာ မလုပ်သင့်တဲ့အပြင် အိမ်နီးချင်းနိုင်ငံအနေနဲ့ လူသားချင်းစာနာထောက်ထားမှုတွေကို ဆက်လက် ဖော်ဆောင်ပေးဖို့ ကူကီးကျောင်းသားလူငယ်အဖွဲ့ တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် ဘီရန်ဆင်းဂ်ကတော့ မိုးရေးကွန်မန်ဒိုတွေဟာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ဂုဏ်ယူစွာနဲ့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှ ရေးသားဖော်ပြခဲ့တယ်လို့ အိန္ဒိယသတင်းဌာနတစ်ခုဖြစ်တဲ့ Nitin Thusohမှာရေးပါတယ်။

ဇွန် ၂၈ ရက်ကလည်း မဏိပူရ်ပြည်နယ် ချူရချန်ပူရ်ခရိုင် ငသဲကျေးရွာမှာ ခိုလှုံနေတဲ့ အသက်မပြည်သေးတဲ့ကလေးငယ် အယောက်  ၂၀ အပါအဝင် မြန်မာ‌စစ်ဘေးရှောင် ၈၀ ကို မဏိပူရ်ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး အမှုဖွင့်အရေးယူခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024