မွန်ပြည်နယ် ဘီးလင်းနဲ့သထုံအကြားမှာ ဇန်နဝါရီ ၂၇ ရက် မနက်က စစ်တပ်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက် ခံရပြီး ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုပ္ပလင်မှ သထုံမြို့နယ်ဘက်ကို ဆင်းလာတဲ့ ယာဉ် ၁၁ စီးပါ စစ်ကားတန်းကို ဘီးလင်းမြို့နယ် နဲ့သထုံမြို့နယ်ကြား ဒေါက်ရပ်ရွာနားမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် ၃ ယောက် သေဆုံးကာ ၁ ယောက် အပြင်းအထန်ဒဏ်ရာ ရခဲ့တယ်လို့ ကျိုက်ထိုဒေသခံတွေက ပြောပါတယ်။
မိုင်းဆွဲခံရပြီးနောက် စစ်တပ်က သေနတ်နဲ့ ပြန်လည် ပစ်ခတ်ခဲ့သလို ဒေါက်ရပ်ကျေးရွာမှ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁ လုံးကိုပါ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်တဲ့ ဘီးလင်း-သထုံ ကားလမ်းကို စစ်တပ်က ယာယီပိတ်ဆို့ကာ နယ်မြေရှင်းလင်းရေး လုပ်ခဲ့တယ်လို့ သိရပါတယ်။
ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းရှိ ကားလမ်းနေရာမှာ ဇန်နဝါရီ ၂၇ ရက် ညနေ ၃ နာရီလောက်က ပျူစောထီး ၂ ယောက်ကို ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ရေးဘီးလူးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။
ဝယ်ဇင်-ဝယ်ပေါင်သွားကားလမ်းနေရာမှာ သာသနာနံပတ်ပြားတပ် ကားနဲ့ ရေးဘီလူးအဖွဲ့ရဲ့ သတင်းကို လိုက်လံစုံစမ်းနေတဲ့ ပျူစောထီး ၂ ယောက်ကို ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ္စတို ၂ လက်နဲ့ စိတ်ကြွဆေးပြားပါ သိမ်းဆည်းရမိတယ်လို့ ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
ဒီနယ်မြေဘက်မှာ စစ်ကောင်စီရဲ့သတင်းပေးတွေ မကြာခဏပစ်ခတ် ရှင်းလင်းခံထားရတာ အနည်းဆုံး ၄ ယောက်ရှိပြီး ကျုံလောင်းရွာဟောင်းကို ရေးဘီးလူးအဖွဲ့က ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။
ရေးမြို့နယ် ကျောင်းရွာအခြေစိုက ခလရ- ၅၉၁ ကို ဇန်နဝါရီ ၂၆ ရက် ည ၈ နာရီခွဲက 40mm ဗုံးပစ် လောင်ချာအပါအဝင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ YSTF ရေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ကျောင်းရွာ၊ အိုင်ရှည်နဲ့ ကမ်းနီရွာတွေကို သွားရလာရလွယ်ကူအောင်လို့ ဆောက်ထားတဲ့ ယာယီမြစ်ကူးတံတားကို ဖျက်ခိုင်းတာကြောင့် အခုလို တိုက်ခိုက်တာလို့ ဆိုပါတယ်။
ဒေသခံတဦးက “အဲဒီညက နှစ်ဖက်စလုံး အပြန်လှန်ပစ်ကြတယ်။ နာရီဝက်လောက်ကြာတယ်။ တပ်က ပစ်လိုက်တဲ့လက်နက်ကြီး ကျည်က အုန်းတောခြံတွေဘက်မှာ ကျရောက်ပေါက်ကွဲ ခဲ့တယ်” လို့ ပြောပါတယ်။
ခလရ- ၅၉၁ တပ်ရင်းကို ပြီးခဲ့တဲ့ရက်ပိုင်း ရေးဘီးလူးအဖွဲ့က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး အခုထပ်မံ တိုက်ခိုက်ခဲ့တာဖြစ်ပေမဲ့ စစ်ကောင်စီတပ်ဘက်က အထိခိုက်အကျဆုံးကိုတော့ မသိရသေးပါဘူး။