ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မဇွပ်ယန်ကျေးရွာအတွင်းရေးမှူး ဦးဝင်းကို ကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဇန်နဝါရီ ၂၆ ရက် နေ့လယ်ပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူ အမျိုးသား တဦးက"အိမ်မှာပဲ လာဖမ်းသွားတာ။ အားလုံးပေါင်း ၅ ယောက်။ သေနတ် အတိုတွေနဲ့ ထောက်ပြီး ခေါ်သွားတာ။ ဘယ်အဖွဲ့လည်းဆိုတာလည်း မသိရဘူး။ ယူနီဖောင်း ဝတ်မထားဘူး။ ရိုးရိုး အရပ်ဝတ်နဲ့ သေနတ်ကိုင်ပြီး လာခေါ်သွားတာ။ ခုထိ အဆက်အသွယ်မရသေးဘူး"လို့ ပြောပါတယ်။
ဦးဝင်းကိုဟာ မဇွတ်ယန်ကျေးရွာမှာ စစ်ကောင်စီ အာဏာမသိမ်းခင်ကတည်းက ရပ်ကျေး အတွင်းရေးမှူး လုပ်ခဲ့သူ တဦးပါ။
ဖားကန့်မြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ မကြာခဏ ဖမ်းဆီးသတ်ဖြတ်ခံရတာရှိပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း မိုင်းဆွဲတိုက်ခိုက်ခံရကာ စစ်ကောင်စီ လက်အောက်ခံ ရုံးတွေမှာလည်း ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပေါ်နေပါတယ်။