Home
မြန်မာသတင်း
ကသာ၌ လက်နက်ကြီးမှန်ပြီး ကလေး ၁ ဦးသေဆုံး၊ အရာတော်တွင် စိတ်မနှံ့သူ အပါအဝင် ပြည်သူ ၄ ဦးကို စစ်တပ်ဖမ်းဆီး
DVB
·
January 27, 2023
473108-Htee-Gyiant-730x365

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာမှာ စစ်တပ်လက်နက်ကြီးထိမှန်ပြီး ၁၂ နှစ်အရွယ် ကလေးတယောက် သေဆုံးကာ ၁၃ နှစ်အရွယ် ကလေးတယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က ကသာမြို့နားက အောင်မြေသာစည်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကနေ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ကျောက်ထုံးကြီးရွာ ဒေသခံက “၁၂၀ မမ ၉ လုံးနဲ့ပစ်တယ်။ ရွာအလယ်ကောင် တလုံးကျပြီး ပေါက်ကွဲပြီး အခုလို သေရတာ။ သေတဲ့ကလေးအမည်က ရွာထဲကခေါ်တာကတော့ မိထော်လို့ ခေါ်ကြတယ်။ ကျန် ၁၃ နှစ် ကလေးကတော့ လက်ကောက်ဝတ်ပေါက်ပြဲ ဒဏ်ရာနဲ့ ခြေကျင်းဝတ် ပေါက်ပြဲဒဏ်ရာ ရသွားတယ်။ ဘာကြောင့်ပစ်တာလဲတော့ မသိဘူး” လို့ ပြောပါတယ်။

အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့ ကျောက်ထုံးကြီးရွာကို အရင်တပတ်ကလည်း စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံတယောက် ထိခိုက်ဒဏ်ရာရခဲ့သလို နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာတော့ ဇန်နဝါရီ ၂၆ ရက် နေလယ်ပိုင်းက စိတ်မနှံ့သူ အပါအဝင် ဒေသခံပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖမ်းဆီးသွားတဲ့ စစ်ကောင်စီတပ်ဟာ အရာတော်မြို့ တကရ ၅၀၀၄ တပ်ရင်းက စစ်သားတွေ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံရွာသားတဦးက “အရာတော်မြို့ကနေ အင်အား ၅၀ လောက်နဲ့ ထွက်လာပြီး အခုလို ဖမ်းသွားကြတာဗျ။ စိတ်ဝေဒနာသည်နဲ့ တခြားဒေသခံပြည်သူတဦးကို တောထဲကနေ ဖမ်းလာတယ်။ အဲဒီကနေ မကျီးကန်ရွာဘက် တက်လာတယ်။ သူတို့တက်လာတာကို မသိတော့ ကုန်းသာကျေးရွာကနေ ဈေးလာဝယ်ပြီးပြန်သွားတဲ့ ကိုကျော်ထက်နိုင်နဲ့ ကိုဟိန်းဇော်တို့ လူငယ်နှစ်ဦးကို လက်ပြန်ကြိုးတုပ်ပြီး နောင်ကြီးအိုင်ရဲစခန်းဆီ ဖမ်းခေါ်သွားကြတယ်”လို့ ပြောပါတယ်။

အဆိုပါအဖမ်းခံရသူ ၄ ဦးထဲက ၂ ဦးကို ပြန်လွှတ်ပေးပြီး ကျန် ၂ ဦးဖြစ်တဲ့ ကိုကျော်ထက်နိုင်နဲ့ ကိုဟိန်းဇော်တို့ကိုတော့ ပြန်လွှတ်ပေးခြင်း မရှိသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

နောင်ကြီးအိုင်ရဲစခန်းမှာ ဖမ်းဆီးထားတဲ့ လူငယ် ၂ ဦးထဲက တဦးဟာ ရိုးရာဆေးကုဆရာတဦးဖြစ်ပြီး တဦးမှာ ပန်းရံလုပ်ငန်းလုပ်ကိုင်တဲ့ အရပ်သား ပြည်သူတွေသာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024