ရခိုင်ပြည်နယ်ကို စစ်ခေါင်းဆောင်လာရောက်ချိန် သံတွဲနဲ့ စစ်တွေမြို့တွေမှာ ၃ ရက်လောက် လျှပ်စစ်မီးမပြတ်ဘဲ ၂၄ နာရီ ပုံမှန်ရရှိခဲ့ပြီး သူတို့ပြန်သွားပြီးနောက်မှာတော့ မီးပြန်လည် ပြတ်တောက်နေတယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။
ရခိုင်ဒေသခံတဦးက “လူကြီးလာမယ်ဆိုပြီး လျှပ်စစ်မီးက ၂၄ နာရီလုံး ၃ ရက်လောက် လုံးဝမပြတ်တာ။ လူကြီးတွေပြန်သွားတဲ့နေ့ကစပြီး လျှပ်စစ်မီးက ပြန်ပြတ်နေတာ” လို့ ပြောပါတယ်။
၈ ကြိမ်မြောက် ထိုင်း-မြန်မာ နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများကော်မတီ အစည်းအဝေးကို ဇန်နဝါရီ ၁၉ ရက်ကနေ ၂၁ ရက်အထိ ငပလီမှာ သုံးရက်ကြာ ကျင်းပခဲ့ရာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိုင်းစစ်ဦးစီးချုပ်တို့ လာရောက်ခဲ့ကြတာပါ။
ရခိုင်ဒေသမှာ လျှပ်စစ်မီး တကြိမ်ပြတ်တောက်ပါက အနည်းဆုံး ၆ နာရီကနေ ၁၀ နာရီထိ အချိန်ကြာမြင့်စွာ ပြတ်တောက်ပြီး လျှပ်စစ်မီးကို အဓိကအားထား လုပ်ကိုင်နေရတဲ့ လုပ်ငန်းတွေ ထိခိုက်နေကြတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။
“မီးဖြတ်မယ့်အချိန်ကို မြို့နယ်အလိုက် သတ်မှတ်ချိန်တွေ ထုတ်ပြန်ကြေညာထားတယ်။ ဒါပေမဲ့ ကြေညာချက်ထုတ်ပြန်ထားတာနဲ့ လက်တွေ့မှာ မီးပြတ်တဲ့အချိန် ဘာမှ ကိုက်ညီမှုမရှိဘူးဆိုတော့ ကျနော်တို့ စက်မှုလုပ်ငန်းရှင်တွေအနေနဲ့ အလွန်အခက်အခဲဖြစ်နေကြရတယ်။”
စစ်အာဏာသိမ်းပြီးနောက် ရခိုင်ဒေသမှာ ပုံမှန်ပြတ်တောက်နေတာဖြစ်ပြီး စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စတဲ့ ၁၀ မြို့နယ်မှာ တနေ့ကို အနည်းဆုံး လျှပ်စစ်မီး ၁၀ နာရီလောက် ပြတ်တောက်နေတာ ဖြစ်ပါတယ်။