မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ မြို့ပေါ်ကို ဝင်ရောက်နိုင်တဲ့ ကျေးလက်လမ်းတွေကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ဖျက်ဆီးလိုက်လို့ လမ်းပန်းဆက်သွယ်ရေး အခက်ခဲဖြစ်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေစကြိုမြို့နယ်တောင်ပိုင်း ညောင်ဇောက်ရွာကနေ ရေစကြိုမြို့ပေါ်ကို ဝင်ရောက်တဲ့လမ်းကို ဇန်ဝါရီ ၁၆ ရက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ဖျက်ဆီးခဲ့ကြသလို ပေါက်တောနဲ့ ရွှေကျောင်းရွာဘက်က မြို့ဝင်ကျေးလက်လမ်းတွေကိုလည်း ဇန်နဝါရီ ၁၇ ရက်မှာ ဖျက်ဆီးခဲ့ကြတယ်လို့ ညောင်ဇောက်ရွာ ဒေသခံတယောက်က ပြောပါတယ်။
ကျေးလက်လမ်းတွေ ဖျက်ဆီးခံလိုက်ရလို့ မြို့ပေါ်ကို သီးနှံရောင်းဝယ်နေတဲ့ ဒေသခံ တောင်သူတွေ အခက်ခဲကြုံတွေ့ကြရသလို ခရီးသွားတွေပါ အခက်ခဲတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
ရေစကြိုမြို့နယ်မှာ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးတွေ ထိခိုက်ပျက်စီးနေပြီး စစ်ကောင်စီ တပ်က ပြည်သူတွေကိုလည်း အကြောင်းအမျိုးမျိုးပြပြီးဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။
ရေစကြိုမြို့နယ် မြောက်ပိုင်း ကူတုတ်ရွာကနေ ရေစကြိုမြို့ပေါ်ကို လာတဲ့လမ်းကိုလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထဲမှာလည်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ပိတ်ဆို့ဖျက်ဆီးခဲ့ပါတယ်။
ရေစကြိုမြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စိုးမိုးနယ်မြေတွေ များပြားလာလို့ စစ်ကောင်စီက အင်အားအလုံးရင်းနဲ့ ထိုးစစ်ဆင်ကာ ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။