ချင်းပြည်နယ် မတူပီမြို့နယ်မှာ ဇန်နဝါရီ ၂၁ ရက်နေ့ မနက်ကနေ ညနေအထိ နေရာ ၅ ခုမှာ စစ်ကောင်စီတပ်နဲ့ CDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၉ ယောက်သေဆုံးကာ ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မတူပီ-မင်းတပ်ကားလမ်းပေါ်က စစ်ကောင်စီရဲ့ ကာကင်းစခန်းကို ဇန်နဝါရီ ၂၁ ရက်နေ့မနက် ၈ နာရီခွဲလောက်မှာ ဝင်ရောက်စီးနင်းခဲ့ပြီး စစ်ကူလာတဲ့ စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ CDF မတူပီရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းချင်းက ဒီဗွီဘီကို ပြောပါတယ်။
မတူပီ-ဟားခါးလမ်းပေါ်က CDF မတူပီ တပ်ရင်း ၂ ထိန်းချုပ်နယ်မြေမှာလည်း စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီကနေ ၄ နာရီလောက်အထိ CDF ပူးပေါင်းတပ်ဖွဲ့တွေက ငလိုင်နဲ့ ခရိုင်ထွေအုပ်ရုံးကြားမှာ တကြိမ်၊ ခရိုင်ထွေအုပ်ရုံးနဲ့ အိုးအိမ်ကုန်းထိပ်မှာ တကြိမ်၊ ဖနိုင်ရွာ ဘုန်းကြီးကျောင်းမှာတကြိမ် တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲကို CDF-မတူပီ၊ CDF-မရာနဲ့ CDF-Zotung တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၉ ယောက်သေဆုံးကာ ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားပြီး MA1 သေနတ်တလက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
CDF ပူးပေါင်းတပ်ဖွဲ့ ရဲဘော်တွေကတော့ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မတူပီမြို့နယ်မှာ ဇန်နဝါရီ ၁၅ ရက်နေ့မနက်ကလည်း စစ်ကောင်စီစစ်ကြောင်းက CDF-မတူပီ
ရဲ့ စခန်းတခုကို ဝင်ရောက်စီးနင်းခဲ့လို့ စစ်ကောင်စီတပ်နဲ့ CDF-မတူပီတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က တယောက်နဲ့ CDF ရဲဘော်တယောက် ကျဆုံးကာ လက်နက်ခဲယမ်းတွေနဲ့ ငွေကြေးတွေ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။