ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ (BXT)ကိုရီးယားဆိပ်ကမ်းမှာ ဇန်နဝါရီ ၂၁ ရက် ညနေ ၄ ရီခန့်လောက်က မပေါက်ကွဲသေးတဲ့ ဗုံးသီး တစ်လုံးတွေ့ရှိခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
စစ်တွေမြို့ မိဇံရပ်ကွက်ရှိ ကိုးရီးယားဆိပ်ကမ်းခြေမှာ လူငယ်တွေ ဂုံးလိုက်ရှာကြစဥ် ဗုံးသီးတွေ့လို့ ရန်ပြေ၊ မန်ပြေဘုရားကြီး ဂေါပကလူကြီးတွေထံ အသိပေးခဲ့တာဖြစ်ပါတယ်။
စစ်တွေဒေသခံအမျိုးသမီးတစ်ဦးက "လူငယ်တွေ ကမ်းခြေမှာ ဂုံးလိုက်ရှာကြတဲ့အခါတွေ့တာပါ။ သူတို့က ဘုရားလူကြီးတွေကို အကြောင်းကြားပြီး။ ကမ်းကိုတွန်းတင်ခဲ့ကြတာ။ ဘုရားလူကြီးတွေက စစ်တပ်ကိုအကြောင်းကြားခဲ့တာ"လို့ ပြောပါတယ်။
အဆိုပါ ဗုံးသီးမှာ စစ်လက်ကျန်ဗုံးသီးလားအဟောင်းလား၊ လက်ရှိ ဗုံးသီးလားဆိုတာကိုတော့ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားခြင်း မရှိသေးပါဘူး။
ဗုံးသီးတွေ့ရှိတဲ့နေရာကို စစ်ကောင်စီတပ်တွေလာရောက် စစ်ဆေးနေပြီး ယူဆောင်သွားရန်ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စစ်တွေဆိပ်ကမ်း သာယာလှပရေးစီမံကိန်းချက်တွေ လုပ်ကိုင်ဖို့ BXT Construction & Development ကိုရီးယားနိုင်ငံကုမ္ပဏီဟာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလကစတင်ပြီး ကိုးရီးယား BXT ဆိပ်ကမ်းမှာ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။