ပဲခူးတိုင်း သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ဇန်နဝါရီ ၂၀ ရက် ညမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ တပ်သား ၃ ယောက် အပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း-၃၈၀၁ က သိရပါတယ်။
စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ခံနေတဲ့ ကြို့ပင်ကောက် မြို့နယ်ထွေအုပ်ရုံးကို မနေ့ ည ၁၀ နာရီလောက်မှာ အဝေးထိန်းမိုင်း အကြီးစားနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ သာယာဝတီခရိုင်တပ်ရင်းရဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွက်မှာ စစ်ကောင်စီတပ်သား ၃ ယောက် အပြင်းထန် ဒဏ်ရာရရှိသွားပြီး ဆေးဝါးကူသမှု ခံယူနေရတယ်လို့ ဒီနေ့ မနက်ပိုင်းမှာ စုံစမ်းသိရှိရတယ်လို့ ဆိုပါတယ်။
ဖောက်ခွဲတိုက်ခိုက်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်သားတွေက သေနတ်တွေနဲ့ ပစ်ခတ်ကာ မြို့ထဲတွေမှာ ပိတ်ဆို့ရှာဖွေခဲ့ပေမဲ့ ရဲဘော်တွေ ထိခိုက်မှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။
အခုတိုက်ခိုက်မှုဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ခံပေးတာ ကြောင့် ပထမအဆင့်အနေနဲ့ သတိပေးတာဖြစ်သလို နောက်နောက်မှာလည်း စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လူဦးရေစာရင်းတွေ ဆက်ကောက်ခံနေမယ်ဆိုရင် ပြင်းပြင်းထန်ထန် အရေးယူ တိုက်ခိုက်သွားမယ်လို့လည်း ဆိုပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။