Home
မြန်မာသတင်း
မြိတ်မြို့ တရုတ်ညဈေးပွဲကို စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်ဖြင့် ရပ်နားခိုင်း
DVB
·
January 21, 2023
326336533_507527951496939_6283373769541788206_n

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ နှစ်စဉ်နှစ်တိုင်း တရုတ်ရိုးရာနှစ်သစ်ကူးမတိုင်မီကျင်းပလေ့ရှိတဲ့ တရုတ်ညဈေးပွဲကို စစ်ကောင်စီဘက်က လုံခြုံရေးမပေးနိုင်တာကြောင့် ရပ်နားခိုင်းလိုက်တဲ့အပေါ် ဒေသခံတွေက ဝေဖန်နေကြပါတယ်။

တနင်္သာရီတိုင်းထဲမှာရှိတဲ့ မြို့တွေထဲမှာ မြိတ်မြို့ဟာ တရုတ်လူမျိုးတွေ အများဆုံးနေထိုင်တဲ့ မြို့ဖြစ်ပြီးတော့  တရုတ်ရိုးရာနှစ်သစ်ကူးညဈေးပွဲကို လုံခြုံရေးအကြောင်းပြချက်နဲ့ ရပ်နားခိုင်းတဲ့အပေါ် ဒေသခံတရုတ်လူမျိုးတွေကလည်း မကျေနပ်ကြဘူးလို့ ပြောပါတယ်။ 

မြိတ်မြို့ခံတဦးက “သူတို့ကတော့ လုံခြုံရေးမပေးနိုင်ဘူး။ ပြီးတော့ ဈေးခေါင်းနဲ့စည်ပင်က ဈေးလာရောင်းတဲ့ လူတွေကို မောင်းထုတ်တယ်။ ခွင့်မပြုထားတာကိုလာရောင်းမယ်ဆိုရင် ပစ္စည်းတွေကို သိမ်းမယ်ဆိုပြီး အာဏာပိုင်တွေက ခြိမ်းခြောက်တာကိုတွေ့ရတယ်”လို့  ပြောပါတယ်။

တရုတ်ညဈေးနေ့မှာ ဈေးသည်တွေက ရောင်းဖို့ပစ္စည်းတွေ ဝယ်ထားကြပေမယ့် မရောင်းရတော့ အောက်ဈေးနဲ့ ဆိုင်တွေကိုပြန်သွင်းရပြီး ဈေးသည်တွေမှာ အရှုံးပေါ်ရတယ်လို့လည်း ဆိုပါတယ်။

တနင်္သာရီတိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ များနေတာကြောင့် လူအင်အားနည်းပါးလာလို့ အခုလိုပွဲတော်တွေမှာ လုံခြုံရေးဆောင်ရွက်မပေးနိုင်တော့တာလို့  ဒေသခံတချို့က သုံးသပ်ပြောပါတယ်။

အခုလို တရုတ်ရိုးရာနှစ်သစ်ကူးညဈေးပွဲကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ရပ်နားခိုင်းပေမဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်မှ ဇန်နဝါရီ ၁ ရက်အထိ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီကိုထောက်ပံ့နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဈေးရောင်းပွဲကိုတော့ စစ်ကောင်စီက လုံခြုံရေးအပြည့်နဲ့ ကျင်းပပေးခဲ့ ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024