ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ဇန်နဝါရီ ၂၀ ရက်ရက် ဒီနေ့ မွန်းလွဲပိုင်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျေးရွာတရွာပေါ် ကျရောက်ပေါက်ကွဲပြီး လူနေအိမ်တချို့နဲ့ ပြည်သူတွေမွေးထားတဲ့ တိရစ္ဆာန်တချို့ ထိမှန်သွားပါတယ်။
“အခုနက ၂ နာရီဝန်းကျင်လောက်က ဖြစ်သွားတာဆိုတော့ ရွာနာမည်ကိုတော့ ပြောပြလို့ မရသေးဘူး။ နွား နှစ်ကောင်၊ ဝက် တကောင်နဲ့ အိမ်ကတော့ အနည်းအကျဉ်းပဲထိတယ်”လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်သားတဦးက ပြောပါတယ်။
အခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ နေ့စဉ်နဲ့အမျှ ပြည်သူတွေရှိတဲ့နေရာကို ပစ်ခတ်တာတွေ လုပ်ဆောင်နေကြောင်းလည်း ဆိုပါတယ်။
ဇန်နဝါရီ ၁၆ ရက် ညပိုင်းကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ မိုးဗြဲမြို့နယ်က စစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ အမျိုးသမီးတဦး သေဆုံးပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဇန်နဝါရီ ၁၁ ရက်ကလည်း ဒီးမော့ဆိုမြို့နယ် ၊ ၆ မိုင် စံပြ လမ်းမကြီးတလျှောက် စစ်ကောင်စီတပ်တွေ စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် တပ်ရင်း ၉ က ထုတ်ပြန်ပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က ဒီးမော့ဆိုမြို့ အရှေ့ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနဲ့ လူနေအိမ် ၁ လုံး ပျက်စီးသွားပါတယ်။