တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ရှပ်ပုံစံပြကျေးရွာမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား ဇန်နဝါရီ ၁၆ ရက် နေ့လယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးနဲ့ ပျူစောထီးခေါင်းဆောင် ၁ ဦး သေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“တိုက်ပွဲက နေ့လယ် ၁ နာရီလောက်က စတာ။ ၅ နာရီအထိ အပြန်အလှန်ပစ်ခတ်ပြီး စကစတပ်သား ၂ ဦးနဲ့ ပျူစောထီး ၁ ဦး သေတယ်။ ပျူစောထီးခေါင်းဆောင်ပါ သေတယ်။ ကျနော်တို့ဘက်က အထိအခိုက်မရှိဘူး” လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တဦးက ပြောပါတယ်။
နေ့လယ် ၁ နာရီကနေ ၅ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ပြည်သူနေအိမ် နှစ်လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“နေ့လယ်ပိုင်းမှာ ပစ်ခတ်သံတွေ ကြားရတယ်။ ရွာသားတွေတော့ ပုန်းရှောင်နေရတာပေါ့။ အဆင်သင့်တော့ ပြင်ထားရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
မြိတ်ခရိုင်တပ်ရင်း ၁ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက “ပျူတွေ သောင်းကျန်းနေတာ ကြာပြီ။ ရွာသားတွေကလည်း တိုင်ထားတာ ကြာပြီ။ လာပစ်စေချင်နေကြတာ။ အခုတော့ ပျူခေါင်းဆောင်ပါ သေတယယ်။ အခုအချိန်မှာ အချိန်မရွေး နေရာမရွေး ဖြစ်နိုင်တာမို့လို့ ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီနေ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအခြေအနေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့တုန်းကလည်း မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်တာကြောင့် ပြည်သူနေအိမ်တချို့ ထိခိုက်ပြီး ဒေသခံပြည်သူနှစ်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။