သီပေါမြို့၊ တောင်မြို့ရပ်ကွက် နယ်မြေ ၉ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးဘေးရှိ နေအိမ်တအိမ်မှာ ဒီနေ့မနက် ၁၁ နာရီဝန်းကျင်က ဖယောင်းတိုင်နဲ့ ဘုရားမီး ပူဇော်ရာမှ နေအိမ် မီးလောင်ပြီး လေဖြတ်နေသူတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဖယောင်းတိုင်နဲ့ မီးပူဇော်တာပေါ့။ အောက်မှာ ခံထွန်းတဲ့ခွက် မပါတော့ ဘုရားစင် ကြမ်းခင်းကို မီးလောင်ပြီး နေအိမ်မှာ အိပ်နေတဲ့ လေဖြတ်နေသူတဦး သေသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
မီးလောင်မှုဖြစ်ရာနေရာကို သီပေါမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် နှစ်စီးနဲ့ ၁၅ မိနစ်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“လောင်တာက နှစ်ထပ်အိမ်။ မီးလောင်တော့ အိပ်ခန်းထဲမှာ အိပ်နေတဲ့ အမျိုးသားတဦး မီးလောင်ပြီး သေသွားတယ်။ လေလည်းဖြတ်နေတယ်”လို့ ပြောပါတယ်။
လက်တလောမှာ မီးပေါ့ဆစွာ သုံးစွဲသူ ဦးသိန်းဟန်မင်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး သီပေါမြို့မရဲစခန်းမှာ (ပ) ၈/၂၀၂၃ ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။