Home
မြန်မာသတင်း
တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့လမ်းကြောတွင် ရှန်တိန်စနစ်ပယ်ဖျက်
DVB
·
January 15, 2023
533858-Kyin-San-Kyawt-Gate-Myanmar-Container-730x365

တရုတ် - မြန်မာနှစ်နိုင်ငံ အဓိကကုန်သွယ်ရာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်‌ရေးဇုန်ရှိ ကျင်စန်းကျော့ လမ်းကြောမှာ ဇန်နဝါရီ ၁၅ ရက် ဒီနေ့ကစလို့ ရှန်တိန် (ခေါက်တို အစားထိုးယာဉ်မောင်း) စနစ် အားလုံးနီးပါး ပယ်ဖျက်လိုက်ပြီလို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ 

"ရှန်တိန် နောက်ဆုံး အဆင့် တဆင့်ပဲ ကျန်တယ်"လို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တဦးက ပြောပါတယ်။ 

ဇန်နဝါရီ ၁၅ ရက်နေ့ကစ ကျင်းစန်းကျော့ လမ်းပိုင်း ရွှေမိုင်းယုမှ ရွှေလွယ်အင်အထိ ရှန်တိန် (ခေါက်တို အစားထိုး ယာဉ်မောင်း) စနစ် ပယ်ဖျက်လိုက်ပြီး တရုတ်ဘက်ထဲ မြန်မာယာဉ်မောင်းတွေ ဝင်ခွင့်မပြုသေးခင် အတောအတွင်း ရွှေလွယ်အင်က ရှန်တိန် ယာဉ်မောင်း သာကျန်မယ်လို့ ဆိုပါတယ်။ 

"ရှန်တိန်တွေ အပေါ်ကနေပြီးတော့ ရှန်တိန်တွေ အားလုံးတော့ ပြုတ်သွားပြီ။ ရွှေလွယ်အင် ရှန်တိန် တခုပဲ ကျန်တော့မယ်နော်" လို့ ပို့ကုန် ကုန်သည်တဦးက ပြောပါတယ်။ 

ရွှေလွယ်အင်ကွင်းက ရှန်တိန်ကတော့ အဲဒီကွင်းကနေ တရုတ်ဘက်ဝင်တဲ့ ဂိတ်တံခါးပေါက်ဝထိ မောင်းပို့ရတယ်လို့ ပို့ကုန်၊ သွင်းကုန် ယာဉ်မောင်းတဦးက ပြောပါတယ်။

"တရုတ်ထဲ မောင်းဝင်လို့ မရဘူး။ သူလည်း အပေါက်ဝတင်ပဲ။ တရုတ်ဘက်ကနေပြီးတော့မှ မြန်မာဘက် ဂိတ်ပေါက်ဝ ရောက်လာတဲ့ ကားကို ပြန်မောင်းချလာတာပေါ့။ အဲလို ကားမရှိရင်တော့ လူချည်းပဲ ပြန်လာတာ။ ကားပဲ ထားခဲ့တာ။"

ပုံမှန်အားဖြင့် ကိုဗစ် စည်းကမ်းသတ်မှတ်ချက်အရ ရှန်တိန် စနစ်အသုံးပြုတာဖြစ်ပြီး မူဆယ် ၁၀၅ မိုင် ရွှေမိုင်းယု ကနေ တရုတ်ဘက်ဝင်တဲ့ နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက်ဝအထိ ရှန်တိန် အဆင့် လေးငါးဆင့် ငှားရကာ ကုန်တင်ကားတစီး ပို့ကုန် တခြမ်းအတွက်တင် အနည်းဆုံး ရှန်တိန်ခ သီးသန့် ၁ သိန်းကျော် ကုန်ကျရပြီး အဲဒီ ရှန်တိန် ကွင်းဝင်ခ၊ ညအိပ်ခ တို့ပါ စောင့်ဆိုင်းတာ ရက်ကြာရင် ကြာသလို ပေးရတယ်လို့ ဆိုပါတယ်။ 

ကိုဗစ်‌-၁၉ ကပ်ရောဂါ ဖြစ်ပွားချိန် ၂၀၂၁ နှစ်ကုန်ပိုင်း အဲဒီ ကျင်စန်းကျော့ - ဝမ်တိန် နှစ်နိုင်ငံ ကုန်သွယ်ရာ ဂိတ် ပြန်လည်ဖွင်လှစ်ချိန်ကစ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းနဲ့အညီ နှစ်နိုင်ငံ ရှန်တိန်စနစ် အသုံးပြု ကုန်သွယ်ခဲ့တာဖြစ်ပြီး မြန်မာဘက်ခြမ်းကတော့ မတူညီတဲ့ ရှန်တိန်ကုမ္ပဏီ အဆင့်ဆင့် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ 

တရုတ်ဘက်ကတော့ သူတို့ တနိုင်ငံလုံး ကိုဗစ်သတ်မှတ်ချက်တွေ ဖြေလျှော့လိုက်တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းကစ ရှန်တိန်စနစ် ဖြုတ်ပစ်ခဲ့တာဖြစ်ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013