Home
မြန်မာသတင်း
တရုတ်-မြန်မာနယ်စပ် မူဆယ် နန်းတော်ဂိတ် ယာယီပိတ်
DVB
·
August 11, 2021
235832722_499431234438208_6477106363791630964_n
231224447_499431344438197_5951262225181581725_n
235853181_499431281104870_8077706253396998216_n

တရုတ်-မြန်မာ နှစ်နိုင်ငံ တရားဝင် အဝင်၊ အထွက်ဂိတ် မူဆယ် နန်းတော်ပေါက်ကနေ မြန်မာနိုင်ငံ ပြန်ဝင်ခွင့်ကို ဒီနေ့ ဩဂုတ် ၁၁ ရက်နေ့ကစပြီး တရုတ်ဘက်က ယာယီပိတ်ထားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

"တရုတ်ဘက်က ပိတ်တာ။ မြန်မာဘက်ကတော့ လက်ခံတယ်။ ဒီဘက်က ဘာမှ မပြောသေးဘူး။ ဘယ်နှရက်နားပြီး ဘယ်နေ့ ပြန်ဖွင့်မှာလည်း မသိသေးဘူး။" လို့ မြန်မာဘက်က လွှဲပြောင်းလက်ခံတဲ့ထဲ ပါဝင်သူတစ်ဦးက ပြောပါတယ်။

တရုတ်ဘက်ကတော့ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် Lockdown ချထားတဲ့နေရာတွေမှာ ဆန်၊ ဆီ နဲ့ ခေါက်ဆွဲ ခြောက်ထုပ်‌တွေ ယာယီ ဖြန့်ဝေထောက်ပံ့မှုတွေ လိုက်လံလုပ်ဆောင်နေရလို့ မြန်မာနိုင်ငံပြန်မယ့်သူတွေကို တရားဝင်ဂိတ် နန်းတော်ပေါက်ကနေ လွှဲပြောင်းပေးတာ ယာယီ ရပ်နားထားတာလို့ ရွှေမြန်မာအွန်လိုင်း အရေးပေါ် ကျန်းမာရေး ကူညီမှုအသင်း (ရွှေလီ)က ဥက္ကဋ္ဌ ကိုချမ်းမြေ့က ပြောပါတယ်။

"ဟုတ်ပါတယ်ခင်ဗျ။ သူတို့ ဒီဘက်က ထောက်ပံ့မှုတွေ လိုက်လုပ်နေတယ်။    တစ်ရက်ပဲ မဟုတ်ဘူး။ ပြန်လည် ဖွင့်လှစ်ပေးမယ့် ရက်ကို ပြန်အကြောင်းကြားပေးမှာ။ သုံးချိုးကို တစ်ချိုး လောက်ပဲကျန်မှာ။ အခက်အခဲ ဖြစ်မှာစိုးလို့ ထောက်ပံ့ပေးတာ။ တစ်ပတ် တစ်ကြိမ် သူတို့ လာပြီး ထောက်ပံ့မယ်လို့ ပြောတယ်။ အိမ်ရှင်အိမ်တွေက အခန်းခတွေ ဘာတွေ သူတို့က ညှိနှိုင်းပေးမယ့် သဘောရှိတယ်။" 

မြန်မာ-တရုတ် နယ်စပ်‌တလျှောက် တရုတ်ဘက်က ကပ်ရောဂါကူးစက် ပြန့်ပွားမှုကို တင်းတင်း ကျပ်ကျပ် ထိန်းချုပ်ဖို့နဲ့ ယူနန်ပြည်နယ်မှာ တရားဝင်နေထိုင်ခွင့် အထောက်အထား တစုံနရာနဲ့ ပုံမှန် ဝင်ငွေနဲ့ အလုပ်အကိုင် မရှိသူ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ် ချမှတ်ဖို့ အသိပေးကြေညာချက်ထုတ်ပြန်ပြီးနောက် မူဆယ်နန်းတော် တရားဝင် ဂိတ်ပေါက်ကနေ ဇူလိုင်လ ၂၆ ရက်နေ့ကစ ထွက်ခွင့်ပြုခဲ့ပါတယ်။

ဇူလိုင် ၂၆ ရက်နေ့မှ ဩဂုတ်လ ၁၀ ရက်နေ့အထိ ၁၆ ရက်အတွင်း နန်းတော် တရားဝင်ဂိတ်ကနေ မြန်မာနိုင်ငံကို ပြန်ဝင်လာသူ မြန်မာနိုင်ငံသား စုစုပေါင်း ၄,၆၅၄ ဦးရှိပါတယ်။

သံသယ လူနာအချို့အပါအဝင် မြန်မာနိုင်ငံသားအချို့ကို တရုတတ်ဘက်က နှစ်နိုင်ငံ နယ်ခြားစည်းမျဉ်းတွေမှာ လိုက်လံပို့ဆောင်တာတွေ ရှိနေပြီး တရုတ်ဘက်မှာ တရားမဝင် သွားရောက် နေထိုင်အလုပ်လုပ်နေသူ မြန်မာနိုင်ငံသားတွေလည်း နယ်စပ်တလျှောက် ခိုးဝင်ပေါက်ဖြစ်တဲ့ မန်ဟီးရိုး၊ ကျင်စန်းကျော့၊ ကြူကုတ် (ပန်ဆိုင်း) တို့ဘက်က ပြန်လာ‌သူတွေလည်း နေ့စဉ်နီးပါး ရှိနေပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု အခြေအ‌နေကြောင့် တရုတ်-မြန်မာ နယ်စပ်တလျှောက်က တရားဝင်ဂိတ် အားလုံးကို တရုတ်ဘက်က ရက်အကန့်အသတ်မရှိ ပိတ်ထားတာလည်း ဖြစ်ပါတယ်။

Pra Jaw

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013