ရန်ကုန်တိုင်း သာကေတမြို့နယ် ၁၀ /တောင် ၁၄ ရပ်ကွက် သလ္လာဝတီ (၁) လမ်းမှာ ဒီနေ့ မနက် ၆ နာရီက စစ်ကောင်စီခန့် ရာအိမ်မှူးတဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
လူဦးရေသန်းခေါင်စာရင်းကောက်ဖို့ လူစုနေချိန် ဆိုင်ကယ်စီးလာတဲ့ အမည်မသိအမျိုးသားနှစ်ဦးက ပစ်ခတ်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"ခြောက်နာရီလောက်က ဖြစ်တာ၊ လေးငါးချက်လောက်ပစ်သွားတာ၊ ဒဏ်ရာတွေအများကြီးပဲ၊ ဆေးရုံတင်ဖို့လုပ်သေးတယ်၊ လူနာတင်ယာဥ်လာတော့ သေသွားပြီ။"
သေဆုံးသွားတဲ့ ရာအိမ်မှူး ဦးထွန်းထွန်းဦးကို စစ်ကောင်စီက လူနာတင်ယာဥ်နဲ့ သာကေတမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
"လူဦးရေစာရင်းကောက်ဖို့တော့ ခဏနားလိုက်ရတယ်။ လတ်တလော စစ်တပ်နဲ့ရဲကတော့ စစ်နေတယ်။ သူတို့ရောက်တဲ့အချိန် ပစ်တဲ့သူက အိမ်မှာထမင်းတောင်စားနေပြီ။"
စစ်ကောင်စီက ဇန်နဝါရီ ၉ ရက်ကစတင်ပြီး ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးမှာ စစ်တပ် အစောင့်အရှောက်နဲ့ လူဦးရေစာရင်းကောက်ယူခဲ့ပေမဲ့ ပစ်ခတ်မှုတွေကြောင့် လောင်းလုံမြို့နယ်နဲ့ သထုံမြို့နယ်မှာ ဒုရဲအုပ်တဦး၊ အုပ်ချုပ်ရေးမှုးတဦးနဲ့ ရပ်ကျေးစာရေးတဦးတို့ သေဆုံးခဲ့ပါသေးတယ်။