မန္တလေးတိုင်း၊ မဟာအောင်မြေနဲ့ ချမ်းအေးသာစံမြို့နယ်အတွင်း ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်နေတဲ့နေရာ ၂ နေရာကို မြနန္ဒာစစ်ဆင်ရေးအဖြစ် ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ မြနန္ဒာစစ်ဆင်ရေး ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
ဒီဇင်ဘာလ ၁၄ ရက် မွန်းလွဲ ၁၂ နာရီခွဲက မဟာအောင်မြေမြို့နယ်၊ ဟေမမာလာ တောင်ရပ်ကွက်ရုံးနဲ့ ချမ်းအေးသာစံမြို့နယ် ၈၃ လမ်း၊ ၃၀ လမ်း ၃၁ လမ်းကြားရှိ အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်ရုံးနားမှာ အိမ်ထောင်စု စာရင်းစစ်ဆေးနေတဲ့အဖွဲ့ကို လက်ပစ်ဗုံးနဲ့ ပစ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
မြနန္ဒာစစ်ဆင်ရေး ပြန်ကြားရေး တာဝန်ရှိသူက "အရေခြုံ ရွေးကောက်ပွဲအတွက် ပါဝင်နေတဲ့ အုပ်ကြီး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနဲ့ စစ်တပ်ကို စစ်ရေး ပစ်မှတ်အနေနဲ့ တိုက်ခိုက်သွား မှာပါ။.ကျနော်တို့ မြို့ကို လုံးဝ အုပ်ချုပ်ခွင့်မရစေရဘူး”လို့ ပြောပါတယ်။
မြနန္ဒာစစ်ဆင်ရေးကို ညီနောင်မဟာမိတ် ၃ ဖွဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၄ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၁၄ ကြိမ်အထိ တိုက်ခိုက်ခဲ့တယ် သိရ ပါတယ်။