စစ်ကိုင်းတိုင်း၊ အရာတော်မြို့ အနောက်ဘက်အထွက်လမ်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ဆေးရေး ဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၂ ယောက် သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ Danger Force LPDF မှ ဇန်နဝါရီ ၁၄ ရက်မှာ ထုတ်ပြန် ပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်ကို ဇန်နဝါရီ ၁၃ ရက် မနက် ၁၀ နာရီက ဗုံးသီးချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သလို ၃ ဦး ဒဏ်ရာအပြင်းထန်ရသွားခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
"အဲဒီဂိတ်က ကားရော၊ ဆိုင်ကယ်ရော အကြောင်းမရှိ အကြောင်းရှာ ရစ်ပြီး အဓမ္မ တောင်းခံနေတာ။ သူတို့ မသင်္ကာရင် စစ်ပြီး ဘာမှမတွေ့ရင် ငွေတောင်းပြီးမှ ပြန်လွှတ်တာ။ ဒါ့ကြောင့် တိုက်ခိုက်ခဲ့တာလည်း ဖြစ်တယ်။ ရန်သူ ၂ ယောက်သေတယ်။ ၃ ယောက်ကတော့ အပြင်းထန်ဒဏ်ရာရတယ်လို့ သိထားပါတယ်"
အဲဒီ တိုက်ခိုက်မှုအပြီးမှာ ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေနဲ့ ပြည်သူတွေကို ဖမ်းဆီးထားပြီး နေ့လည် ၁၂ နာရီလောက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် လမ်းဖြတ်သန်းသွားလာနေတဲ့ လူငယ် ၂ ယောက်ကို ဖမ်းဆီးထားကြောင်း သိရပြီး အဲဒီလူငယ် ၂ ဦးနဲ့ပတ်သတ်လို့တော့ ယခုချိန်ထိ ဆက်လက်ဖမ်းဆီးထားခြင်း ရှိ၊ မရှိ ဆိုတာကို တော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဇန်နဝါရီ ၁၂ ရက်ကလည်း အရာတော်မြို့နယ် ကျွန်းဖိုကျေးရွာလမ်းမှာ ဂိတ်ကြေး ကောက်ခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဂိတ်ကို ဒေသကာကွယ်ရေးအဖွဲ့က ဒရုန်းနဲ့ ၄ ကြိမ် ဗုံးသီးချ တိုက်ခိုက်ခဲ့တယ် လို့ သိရပါတယ်။