Home
မြန်မာသတင်း
ကိုရီးယား အလုပ်အကိုင် EPS ကုန်ထုတ်စာမေးပွဲ(ပထမအသုတ်)အောင်ချက်ကောင်း
lusane
·
January 14, 2023
323440374_623178533141113_8974603012742750441_n

တောင်ကိုရီးယားအလုပ်အကိုင် အရည်အချင်းစစ်စာမေးပွဲ (EPS) ရဲ့ ကုန်ထုတ်လုပ်ငန်း (ပထမအသုတ်) အတွက် အောင်မြင်သူ ၆၀၀၀ ကျော်အထိရှိကြောင်း စစ်ကောင်စီလက်အောက်ခံ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အဲဒီစာမေးပွဲကို ၂၀၂၂ နှစ်ကုန်ပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး ဝင်ရောက်ဖြေဆိုသူ ၁၀,၀၀၀ ကျော်ထဲက ၆,၄၀၀ နီးပါးအထိ အောင်မြင်ခဲ့တာလို့ သိရပါတယ်။

ဒါဟာ EPS စာမေးပွဲသမိုင်းတလျှောက် အောင်မြင်မှုအများဆုံးနူန်းဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ လုပ်သားတိုးမြှင့် ခေါ်ယူမယ်ဆိုတဲ့ အစီစဥ်ရဲ့ သက်ရောက်မူဖြစ်နိုင်တယ်လို့ ကိုရီးယားဘာသာ သင်တန်းကျောင်းနည်းပြတချို့က သုံးသပ်ပါတယ်။

ကိုရီးယားဘာသာသင်တန်းနည်းပြတဦးက "ဒီအကြိမ်က ဝင်ဖြေတဲ့သူများသလောက် အောင်ချက်ကလည်းများတာ တွေ့ရတယ်။ အောင်မြင်တဲ့သူတွေအတွက်ကတော့ အခွင့်လမ်းကောင်းဖြစ်လာမယ် မျှော်လင့်ရတယ်" လို့ ပြောပါတယ်။

ကုန်ထုတ်လုပ်ငန်း(ပထမအသုတ်) မတိုင်ခင်ကလည်း စိုက်ပျိုးရေး/ မွေးမြူရေး လုပ်ငန်းအတွက် စာမေးပွဲမှာလည်း ဖြေဆိုသူအရေအတွက်ရဲ့ တဝက်ကျော်ဖြစ်တဲ့ ၃,၀၀၀ ကျော် အောင်မြင်ခဲ့ပါတယ်။

လက်ရှိမှာ ကုန်ထုတ် (ဒုတိယအသုတ်) နဲ့ ဆောက်လုပ်ရေးလုပ်ငန်းအတွက် စာမေးပွဲကို ဆက်ပြီးကျင်းပဖို့ ကျန်နေပါသေးတယ်။

အဲဒီလုပ်ငန်းအားလုံးအတွက် ဝင်ရောက်ဖြေဆိုမယ့်သူ ၃၇.၀၀၀ လောက်ရှိပြီး ဦးရေ ၁၀,၀၀၀ လောက် အောင်မြင်ခွင့်ရရှိမှာလို့ စစ်ကောင်စီလက်အောက်ရှိ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က ကနဦးထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ လက်ရှိကျင်းပပြီးဖြစ်တဲ့ စိုက်ပျိုးရေး/ မွေးမြူရေးနဲ့ ကုန်ထုတ်(ပထမအသုတ်) မှာ တင်အောင်မြင်သူ ၁၀,၀၀၀ နီးပါးအထိ ရှိနေတာကြောင့် အောင်ချက်ပေးမှုက မြင့်တက်နေတာလို့ စောင့်ကြည့်သူတွေက ဆိုပါတယ်။

EPS စာမေးပွဲဖြေဖို့စောင့်ဆိုင်းနေသူတဦးက "နောက်ဖြေမယ့်သူတွေအတွက် အားရှိတာပေါ့။ အခွင့်အရေးပိုများတာတွေ့ရတယ်" လို့ပြောပါတယ်။

အခုလို အောင်ချက်များတာက ကိုရီးယားနိုင်ငံက ဒီနှစ်မှာ နိုင်ငံခြားသားလုပ်သား တိုးခေါ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ EPS စာမေးပွဲရဲ့ ကုန်ထုတ် (ဒုတိယအသုတ်) နဲ့ ဆောက်လုပ်ရေးစာမေးပွဲကို ဖေဖော်ဝါရီကနေ ဇွန်လအထိ အသုတ်လိုက်ဆက်ကျင်းပဖို့ ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024