ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ကုန်းပဟာကျေးရွာမှာ ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းက အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက် အမျိုးသမီးငယ် တဦး မြက်ပုပ်ဆေးသောက်ကာ သတ်သေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိမ်းသော်ရွာအထက်တန်းကျောင်းက G-9 အတန်းမှာ တက်ရောက်နေသူ မအေးချမ်းသူ မိဘရဲ့ ဆိုဆုံးမမှုကို တလွဲအတွေးကောက်ပြီး မြက်ပုပ်ဆေးသောက်ကာ သတ်သေခဲ့တာလို့ ရွာသားတယောက်က ပြောပါတယ်။
ရွာခံ တဦးက “သူက ၉ တန်း ကျောင်းသူလေး။ မိဘက ကောင်းစေချင်လို့ နည်းနည်းဆူမိ လိုက်တာ။ သူ့စိတ်ထဲ ဘယ်လို တွေးသွားသလဲမသိဘူး။ ဗီဒီယိုတောင် သူ့ ကိုယ်သူ ရိုက်သွား တယ်။ မြက်ပုပ်ဆေးသောက်လိုက်တာ ၂ ခွက်တောင်။ သူ့မိဘတွေ ယူကျုံးမရဖြစ်ကြရတယ်။ သတိပြုစရာလည်း ကောင်းသလို အခုခေတ် ကလေးငယ်တွေကို ထိန်းသိမ်းတဲ့နေရာတွေမှာ မိဘဆရာတွေအနေနဲ့လည်း ခက်ခဲလာတယ်”လို့ ဆိုပါတယ်။
မြက်ပုပ်ဆေးသောက်ပြီးနောက် အမျိုးသမီးငယ်ကို တိမ်းတော်လူမှုကူညီရေးအသင်းကားနဲ့ ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရာမှာ မနက် ၁၁ နာရီလောက်က သေဆုံးသွားလို့ ရွာကို ပြန်သယ်ခဲ့ကြရတယ်လို့ လည်း သိရပါတယ်။
မြက်ပုပ်ဆေးဟာ စိုက်ခင်းတွေမှာ မြက်ပင်တွေ ပေါင်းပင်တွေသေအောင် ဆေးဖျန်းတဲ့ပုံးထဲမှာ ရေနဲ့ဆတူရောကာ ပက်ဖျန်း အသုံးပြုရတဲ့ဆေးဖြစ်ပြီး ဆေးဖျန်းပြီးတဲ့အခါ မြက်ပင်တွေ ရင့်ရော် ဝါဆွေးသွားတာဖြစ်ပါတယ်။