ရုရှားနိုင်ငံ ဘယန့်စ်ခ်မြို့ရှိ ကျောင်းတကျောင်းမှာ ဒီဇင်ဘာ ၇ ရက်က အသက် ၁၄ နှစ်အရွယ် မိန်းကလေး တဦးဟာ အတန်းဖော်တွေကို သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ကျောင်းသားတဦး သေဆုံးသွားပြီး တခြားကလေး ၅ ဦးလည်း ဒဏ်ရာရရှိသွားခဲ့ပြီးနောက်မှာ သူ့ကိုယ်သူလည်း သတ်သေသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ပဏာမ စုံစမ်းစစ်ဆေးမှု အချက်အလက်တွေအရ အသက် ၁၄ နှစ်အရွယ် မိန်းကလေးက ပန့်ပစ် သေနတ်တစ်လက်ကို ကျောင်းကို ယူဆောင်လာခဲ့တာဖြစ်ပြီး အတန်းဖော်တွေကို အဲဒီသေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက ထုတ်ပြန်ပါတယ်။
စုံစမ်းစစ်ဆေးရေးမှူးတွေဟာ ပစ်ခတ်တဲ့ အကြောင်းကို ဖော်ထုတ်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စိတ်မကောင်းစရာ အဖြစ်ဆိုးလို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အလက်ဇန်းဒါး ဘိုဂိုမက်ဇ်က ပြောပါတယ်။
ဒဏ်ရာရရှိသူ ၅ ဦးစလုံးဟာ ကလေးငယ်တွေဖြစ်ကြပြီး ဒဏ်ရာအပျော့စား သို့မဟုတ် အလယ်အလတ် ဒဏ်ရာတွေ ရရှိသွားကြပါတယ်။
Source/Photo - Reuters