အမေရိကန်ပြည်ထောင်စု၊ နီဗားဒါးပြည်နယ်၊ လာ့စ်ဗေးဂတ်စ်မြို့ရှိ နီဗားဒါးတက္ကသိုလ်ရဲ့ ပင်မကျောင်းဆောင်မှာ ဒီဇင်ဘာ ၆ ရက်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှာ လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီးတော့ သံသယရှိတဲ့သေနတ်သမားကိုလည်း ရဲတွေက ပစ်သတ်လိုက်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
မနက် ၁၁ နာရီ ၄၅ လောက်မှာ UNLV နီဗားဒါးတက္ကသိုလ် လာ့စ်ဗေးဂတ်စ် ကျောင်းဝင်းထဲမှာ သေနတ်သမားတယောက် ပစ်ခတ်နေတယ်လို့ သတင်းပေးပို့ချက် ရရှိချင်းချင်းမှာပဲ ကျောင်းဝင်း ထဲက ရဲတွေက အခင်းဖြစ်ပွားရာနေရာကို သွားရောက်တုံ့ပြန် ဆောင်ရွက်ခဲ့တယ်လို့ ကလာ့ခ်ကောင်တီ ရဲအရာရှိ ကက်ဗင်မက်ဟေးလ် က ညနေခင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရဲတွေဟာ Beam Hall အပြင်ဘက်မှာ ချက်ချင်းပဲ တရားခံကို တွေ့ရှိခဲ့ပြီး တက္ကသိုလ်ရဲတပ်ဖွဲ့ အရာရှိတွေကလည်း တပြိုင်နက်တည်း အရေးယူ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူ ၃ ဦး ရှိကြောင်း အတည်ပြုခဲ့ပြီး ၄ ယောက်မြောက်လူကတော့ သေနတ်ဒဏ်ရာ ရရှိခဲ့လို့ အခု ဆန်းရိုက်စ် ဆေးရုံမှာ တက်ရောက်နေတာမှာ အခြေအနေ တည်ငြိမ်နေပြီလို့ သိရပါတယ်။
တက္ကသိုလ်ရဲ့စီးပွားရေးကျောင်းဆောင်ရှိတဲ့ Beam Hall ရဲ့ စတုတ္ထထပ်မှာ ပစ်ခတ်မှု စတင် ဖြစ်ပွားခဲ့ပြီး အဲ့ဒီကနေ တခြားအထပ်တွေကို ရွှေ့ပြောင်းသွားကြောင်းနဲ့ နောက်ဆုံး သံသယရှိသူ သေဆုံးခဲ့တဲ့ နေရာမှာ ပစ်ခတ်မှု ပြီးဆုံးသွားတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်မှုဖြစ်ပွားနိုင်တဲ့ အကြောင်းရင်းကို ဖော်ပြထားခြင်းမရှိသလို အသုံးပြုတဲ့ သေနတ် အမျိုးအစားကိုလည်း ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
UNLV ကျောင်းဝင်းမှာ ဘွဲ့ကြိုကျောင်းသား ၂၅,၀၀၀ နဲ့ ဘွဲ့လွန်နဲ့ ပါရဂူအတန်းအတွက် ကျောင်းအပ်နှံထားတဲ့ ကျောင်းသား ကျောင်းသူပေါင်း ၈၀၀၀ လောက် ရှိပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးနောက် ကျန်ရှိတဲ့ ရက်သတ္တပတ် ကျောင်းတက်ရက်တွေအတွက် တက္ကသိုလ်ကို ပိတ်ထားမှာဖြစ်ပါတယ်။
Source/Photo - Reuters