Home
မြန်မာသတင်း
အရာတော်တွင် စစ်ကောင်စီတပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ စစ်တပ် ပစ်ခတ်သဖြင့် အင်းတော် တောင်သူ ၁ ဦးသေဆုံး
DVB
·
January 13, 2023
322605169_893297202105369_8670768513373425055_n

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကျွန်းဖိုပင်ရွာလမ်းမှာ ဂိတ်ကြေးကောက်ခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဇန်နဝါရီ ၁၂ ရက် မနက် ၁၁ နာရီက ဒရုန်းအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေဆီက သိရပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တဦးက “ခေတ်ပျက်ကို လုပ်စားနေတာ။ ဘာမှမဆိုင်တဲ့ ပြည်သူလည်း အပြစ်မရှိ အပြစ်ရှာ ငွေကောက်တယ်။ သူတို့ မူးလာပြီဆိုရင်  လမ်းသွားလမ်းလာတွေကို ရစ်တယ်။ မထင်ရင် ထိုးကြိတ်တာတွေပါ လုပ်တယ်။ အဲဒီလိုလုပ်လို့ ဒရုန်းအသုံးပြုပြီး ၄ ကြိမ် တိုက်ခိုက်ခဲ့တယ်။ သေတာကတော့ အတိအကျ မသိရသေးဘူး၊ စုံစမ်းနေဆဲ” လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၀ ရက်က အရာတော်မြောက်နယ်၊ နောင်ကြီးအိုင်ကျေးရွာ ရဲစခန်းမှာ တပ်စွဲထားတဲ့  စစ်ကောင်စီတပ်တွေက  လက်နက်တွေကိုင်ဆောင်ပြီး တအိမ်တက်ဆင်း လှည့်ကာ မီးဘေးအန္တရာယ် ကာကွယ်ရေးပစ္စည်းတွေ ပြုလုပ်ထားဖို့နဲ့ မပြုလုပ်ပါက ဒဏ်ငွေ ၅၀,၀၀၀ ကျပ် ပေးဆောင်ရမယ်လို့ လိုက်လံခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ပဲစိုက်တောင်သူ လင်မယားနှစ်ယောက် လက်နက်ကြီးကျည် ထိမှန်ပြီး အမျိုးသားဖြစ်သူ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အင်းတော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အင်းပတ်လမ်းနားက ပဲခင်းမှာရှိတဲ့ ပဲစိုက်တောင်သူ လင်မယားနှစ်ဦးကို ထိမှန်ခဲ့တာလို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။ 

“အင်းတော်နယ်မှာ တိုက်ပွဲဖြစ်တာ မရှိပါဘူး။ အဲဒါကို မနက် ၁၀ နာရီလောက်မှာ စစ်တပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တယ်။  အင်းပတ်လမ်းနားမှာ ပဲနှုတ်နေတဲ့ လင်မယားနှစ်ဦးလုံး လက်နက်ကြီးကျည်ထိတာ၊ အမျိုးသားကတော့ ဆုံးသွားတယ်။ စစ်တပ်က အလောင်းလာယူပြီး သင်္ဂြိုဟ်လိုက်တယ်” လို့ ပြောပါတယ်။

လက်နက်ကြီးကျည် ထိမှန်ခဲ့လို့ ပဲစိုက်တောင်သူတဦးဖြစ်တဲ့ ဦးနိုင်ဝင်းဟာ သွေးထွက်လွန်ကာ သေဆုံးခဲ့ပြီး ဇနီးဖြစ်သူကတော့ မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တဲ့အတွက် ဆေးကုသမှု ခံယူနေရပါတယ်။

အင်းတော်မြို့နယ် အလယ်ဆိပ်ကျေးရွာမှာ ဇန်နဝါရီ ၁ ရက်က ကောက်လှိုင်းပုံအတွင်း စစ်ကောင်စီတပ် မိုင်းထောင်ထားခဲ့လို့ စပါးချွေလေ့ပြုလုပ်တဲ့ တောင်သူတဦး မိုင်းစထိမှန် ဒဏ်ရာရခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024