ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ တောင်စွန်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ပြီး တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ကြတဲ့ တိုက်ပွဲဝင်သူရဲကောင်း ၆ ယောက်အတွက် ရှေ့တန်းစစ် မြေပြင်မှာ အမိန်ပြန်ခြင်း အစီအစဥ်ကို ကျင်းပပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
ကျဆုံးခဲ့သူတွေထဲမှာတော့ တပ်ခွဲမှူး ရဲဘော်ဒေါင်း၊ တပ်စုမှူး ရဲဘော်ဘချစ်၊ တပ်စိတ်မှူး ရဲဘော်ဇော်မင်း၊ တပ်ဖွဲ့ဝင် ရဲဘော်ဂျာကြီး၊ ရဲဘော်ငပွေး၊ ရဲဘော်စတားတို့ ပါဝင်ပြီး အမိန်ပြန်ခြင်း အစီအစဥ်ကိုတော့ ဇန်နဝါရီ ၆ ရက်မှာ ရဲဘော်တွေရဲ့ ဘာသာရေးဓလေ့ထုံးတန်း အစဥ်အလာတွေအရ ကုသိုလ်ရေးနဲ့ တခြားဆောင်ရွက်စရာရှိတာတွေကိုလည်း စီစဥ်ဆောင်ရွက်ပေးခဲ့တယ်လို့ NUG အစိုးရက ရဲဘော်မိသားစုဝင်တွေနဲ့ ပြည်သူတွေကို အသိပေးတင်ပြထားပါတယ်။
ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်)၊ တောင်စွန်း (လေးနော်) ရွာမှာ အကြမ်းဖက်စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ ၄ ရက်နေ့ အထိ နှစ်ဘက်အပြန်အလှန်တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်တွေဘက်က အယောက် ၄ဝ ကျော် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပြီး BGF စခန်း ၂ ခုနဲ့ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းနိုင်ခဲ့တယ်လို့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပြောထားပါတယ်။
ဒါ့အပြင် ၄ ရက်တာ တိုက်ပွဲကာလအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က နေ့စဉ်လေကြောင်းကနေ ၂၅ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်တာတွေလည်း ရှိခဲ့ပြီး ဘာသာရေးအဆောက်အအုံတွေနဲ့ လူနေအိမ်တွေ မီးလောင်ပျက်စီးမှုတွေလည်း ရှိခဲ့ပြီး ဒီတိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ဒေသခံလူဦးရေ ၃,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။
ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။