စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၉ ရက် ညနေပိုင်းက စစ်ကြောင်းထိုး ဝင်ရောက်ပြီး မီးရှို့ခဲ့လို့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရပြီး နေအိမ် ၁၅၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ အမျိုးသားတဦးက “ရွာကို စစ်ကြောင်းထိုး စီးနင်းတာက ဇန်နဝါရီ ၇ ရက်နေ့ကတည်းက။ စစ်ကြောင်းထိုးကတည်းက ရွာကသူတွေလည်း ဘေးလွတ်ရာ ရှောင်ကြရတယ်။ ၉ ရက်နေ့ ညနေပိုင်းမှာ ရွာကို တပ်ဖြန့်ပြီး လေးငါးနေရာလောက် မီးရှို့ပြီး စစ်တပ် ပြန်ထွက်သွားတယ်။ အားလုံးပေါင်း အိမ်ခြေ ၁၅၀ ကျော်လောက် မီးလောင်သွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က မီးရှို့ထွက်ခွာသွားပြီးနောက် ကျေးရွာဒေသခံ အမျိုးသားတချို့ ကျေးရွာအတွင်း ဝင်ရောက် မီးငြိှမ်းသတ်ခဲ့ပေမဲ့ အမျိုးသမီး၊ ကလေးငယ်နဲ့ အသက်အရွယ် ကြီးရင့်သူတွေကတော့ နေရပ်စွန့်ခွာ ဘေးလွတ်ရာမှာ ရှောင်တိမ်းနေကြရတာပါ။
ပန်းညိုကျေးရွာဟာ အိမ်ခြေ ၁,၀၀၀ လောက်ရှိတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။