ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ် (၁၀၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုးနဲ့ ဗိုလ်ကြီးခိုင်သူရိန္ဒတို့ရဲ့ ဈာပနကို ဇန်နဝါရီ ၈ ရက်က ကျင်းပပါတယ်။
သူတို့ ၃ ယောက်ရဲ့ ရုပ်အလောင်းတွေကို မနေ့ နေ့လယ်ပိုင်းမှာ မီးသင်္ဂြိုလ်လိုက်ပြီးဖြစ်ကြောင်း ကျဆုံးသွားတဲ့ ခေါင်းဆောင် ၃ ဦးကို နောက်ဆုံးအနေနဲ့ ပါတီခေါင်းဆောင်တွေ၊ ပါတီဝင်တွေ၊ တပ်မှူးတွေနဲ့ ရဲဘော်တွေက ဂါရဝပြုခဲ့ကြတယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)က သတင်းထုတ်ပြန် ပါတယ်။
ဈာပနအခမ်းအနားမှာ NCA-s EAO၊ EAO တွေ၊ နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေက ပေးပို့လာတဲ့ ဝမ်းနည်းကြောင်းသဝဏ်လွှာတွေကို ဖတ်ကြားတာနဲ့ အမိန့်ပြန်တမ်းစာဖတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ခိုင်စောမြ၊ ဒုဗိုလ်မှူးကြီး ခိုင်ကျော်စိုးနဲ့ ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ဟာ ဇန်နဝါရီ ၄ ရက် နေ့မနက်က စိန်ရတုလွတ်လပ်ရေးနေ အခမ်းအနားကအပြန် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် ၁၃ ရှိ ဆီတန်းရှေ့ ငါးစင်ရိုင်းချောင်းကျောင်းအနီးမှာ သေနတ်သမားတွေရဲ့ အနီးကတ်ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
သူတို့ရဲ့ အရိုးပြာတွေကို သိမ်းဆည်းထားပြီး အာဇာနည် အဖြစ်သတ်မှတ်ကာ နောင်လာ နောင်သားတွေ အမှတ်ရစေဖို့ အထိမ်းအမှတ်ကျောက်တိုင် ဒါမှမဟုတ် ကျောက်ရုပ်တုတွေ စိုက်ထူပြုပေးမယ်လို့လည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ= AlP