ရန်ကုန်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ၁၈ ရပ်ကွက်၊ ကော့သောင်းလမ်းမှာ ဇန်နဝါရီ ၇ ရက် ညက သားအမိနှစ်ယောက် ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချသတ်သေသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
မနေ့ည ၆ နာရီကျော်က ကော့သောင်းလမ်းမှာ အသက် ၆ နှစ်အရွယ်သမီးနဲ့အတူ အသက် ၄၀ အရွယ်အမျိုးသမီးတဦး ဆွဲကြိုးချသတ်သေသွားတယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
"သူ့ယောကျ်ားက နောက်မယားငယ်ထားတာကို မိန်းမကသိသွားပြီး အခုလိုလုပ်သွားတာ။ စိတ်ထဲမကောင်းဘူး။ လူနာတင်ယာဥ်နဲ့ လာသယ်သွားတယ်"လို့ပြောပါတယ်။
သားအမိနှစ်ယောက် သတ်သေပြီးနောက် ရပ်ကွက်အုပ်ချုပ်ရေးက ပရဟိတအဖွဲ့ကို ဖုန်ဆက် အကြောင်းကြားရာမှာ ရှင်သန်ခွင့်လူမှုကူညီရေးအသင်းက အလောင်းကိုလာရောက်သယ်သွားပြီး စံပြဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
"သူများအိမ်တွင်းရေးဆိုတော့ သေချာတော့ မသိဘူး။ ပြောနေကြတာတော့ အိမ်ထောင်ရေးပြဿနာကြောင့် အခုလိုလုပ်သွားတယ်လို့ ကြားတယ်"လို့ ပြောပါတယ်။
လတ်တလော အဆိုပါသေဆုံးမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး တောင်ဒဂုံမြို့မရဲစခန်းက သေမှုသေခင်းဖွင့်ကာ ဆက်လက်စစ်ဆေးနေပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးမှု၊ ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့ တခြားအထွေထွေပြဿနာတွေကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သူ အယောက် ၇၀ လောက်ရှိသွားပြီ ဖြစ်ပါတယ်။