Home
မြန်မာသတင်း
နတ်မောက်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ
DVB
·
January 6, 2023
321279803_2434436313387818_7914545932410619016_n

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ဇန်နဝါရီ ၅ ရက် မနက်ပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နတ်မောက်မြို့နယ်၊ ပန်းညိုကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ဇန်နဝါရီ ၅ ရက် မနက် ၈ နာရီလောက်မှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က နေအိမ်ကိုဝင်ရောက်ပြီး ပစ်ခတ်သတ်ဖြတ်သွားတာလို့ ပန်းညိုကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီသေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးကတော့ အသက် ၅၁ နှစ်အရွယ် ဦးဘိုသိန်းဖြစ်ပြီး သေနတ်နဲ့ ၅ ချက်လောက်ပစ်ခံရပြီး လက်ပြင်၊ နောက်ကျော၊ ရင်ဘတ်နဲ့ ဦးခေါင်းတွေမှာ ဒဏ်ရာရရှိပြီး ပွဲချင်းပြီးသေဆုံးခဲ့တာလို့ ဆိုပါတယ်။

အဲဒီအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး စစ်ဆေးခဲ့ကာ အလောင်းကို နတ်မောက်ပြည်သူ့ဆေးရုံ ပို့ဆောင်လိုက်ကြတယ်လို့ ဒေသခံက ပြောပါတယ်။

နတ်မောက်မြို့နယ်ထဲမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေရဲ့ သတင်းပေးမှုကြောင့် PDF ရဲဘော်တွေ မကြာခဏ ဖမ်းဆီးသတ်ဖြတ်ခံရလို့ လက်တုံ့ပြန်တာဖြစ်နိုင်ပြီး ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

နတ်မောက်မြို့နယ် သမျှားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဆင့်နဲ့ လက်ခုပ်ပင်ရွာမှာ နေထိုင်တဲ့ မြို့နယ်ပညာရေးမှူးရုံးက ဒုဦးစီး ဦးခင်မောင်သန်းတို့ကိုလည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024