Home
မြန်မာသတင်း
ရေးမြို့နယ်ရှိ ရုံးဌာနများ တိုက်ခိုက်ခံရ၊ ကျိုက်ထိုနှင့်ရေး ကျေးရွာအချို့ကို စစ်​တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
DVB
·
January 6, 2023
324191951_1242509993364216_1752964212723470466_n

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ မြို့နယ်မြေစာရင်းရုံး၊ ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ မြို့နယ်တရားရုံးတွေကို ဇန်နဝါရီ ၆ ရက် ဒီနေ့မနက်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့နယ်စုပေါင်းရုံးစိုက်ရာနေရာမှာ ဒီနေ့မနက် ၆ နာရီလောက်က ကျယ်လောင်တဲ့အသံ ၄ ချက် ကြားရပြီး အဆောက်အဦတချို့ ထိခိုက်ပျက်စီခဲ့ပေမဲ့ လူထိခိုက်မှုတော့ မရှိဘူးလို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ အဆိုအရ လက်နက်ကြီးနဲ့ပစ်တာလား၊ မိုင်းဗုံးခွဲတာလားဆိုတာ အတိအကျ မပြောနိုင်သေးပေမဲ့ ပြင်းထန်တဲ့ပေါက်ကွဲသံက အနီးနားက လူနေအိမ်တွေကို တုန်လှုပ်ချောက်ချားစေတယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်စဥ်အပြီးမှာ စစ်ကောင်စီတပ်တွေက နေရာတချို့ကို ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး အခုပစ်ခတ်တိုက်ခိုက်တာနဲ့ ပတ်သက်လို့တော့ ဘယ်အဖွဲ့စည်းက ပြုလုပ်ခဲ့သလဲဆိုတာ မသိရသေးပါဘူး။

ဇန်နဝါရီ  ၂ ရက် ညနေ ၅ နာရီ ကျော်လောက်ကလည်း ရေးမြို့နယ်၊  ဘေးလမိုင်းရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ယောက် ဒဏ်ရာရခဲ့ပြီး လမိုင်းဆေးရုံကို အရေးပေါ်ပို့ဆောင်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “လက်နက်ကြီးက တချက်ပဲ ကြားရတယ်။ ဘာတိုက်ပွဲမှလည်း မရှိဘူး။ အခုပစ်ခံရတာ ကရင်တိုင်းရင်းသားတွေ အများစုနေတဲ့ ရွာဘက်ကို ပစ်တာ အမြောက်တပ်ကနေ ပစ်လိုက်တာ အိမ်ပါ တုန်ခါသွားတယ်”လို့ ဆိုပါတယ်။ 

နေအိမ်မှာရှိချိန် အသက် ၄၀ ကျော် အမျိုးသမီး ၂ ယောက် အနက်  တယောက်က လည်ပင်း၊ ပေါင်နဲ့ ကျန်တယောက်က ရင်ဘက်မှာ ၂ ချက် လက်နက်ကြီး ကျည်စထိမှန်ခဲ့ပေမဲ့ မစိုးရိမ်ရဘူးလို့ ကျေးရွာနေမိသားစုနဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။ 

ရေးမြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေကြား မကြာခဏ ဆိုသလို တိုက်ပွဲတွေဖြစ်ရာမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးတွေ များလာတာကြောင့် လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တာတွေ ရှိနေပါတယ်။ 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ဝန်းကျင်က နေရာတွေကို သိမ်ဇရပ်မြို့အခြေစိုက် ၂၀၇ အမြောက်တပ်က ဇန်နဝါရီ ၅ ရက် ည ၉ နာရီ ၅ မိနစ်ကစပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဒေသမှာ ဘာတိုက်ပွဲမှမရှိဘဲ ကရင်ရွာတွေဘက်ဖြစ်တဲ့ ဝင်းကံ၊ ကော့ရစ်နဲ့ ပိန်းနဲကုန်းဘက်တွေဆီ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဆိုပါတယ်။

အခုလိုပစ်ခတ်တာကြောင့် အဲဒီရွာတွေမှာ လက်နက်ကြီး ကျရောက်ထိမှန်ခဲ့တာ၊ လူနေအိမ်နဲ့ လူထိခိုက် သေဆုံးတာတွေ ရှိ၊ မရှိတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတပ်ရင်းတွေ ဝင်ရောက်စီးနင်းခံရသလို ဖြစ်မှာကို စိုးရိမ်ကြောက်လန့်ပြီး အခုလိုပစ်ခတ်နေတာလို့လည်း ဒေသခံတွေက ဆိုပါတယ်။ 

ကျိုက်ထိုမြို့နယ်မှာ ဒေသကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေကြား မကြာခဏ ပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024