စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်သွားကားလမ်းနဲ့ မုံရွာမြို့ပတ်လမ်းသွား လမ်းဆုံက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို လက်နက်ကိုင်အဖွဲ့တဖွဲ့က ပစ်ခတ်ခဲ့တယ်လို့ ဇလုပ်ရပ်ကွက် ဒေသခံတွေက ပြောပါတယ်။
ဇလုပ်ရပ်ကွက်နေ ပြည်သူတဦးက “မနေ့ ဇန်နဝါရီ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီကျော် ၃ နာရီလောက်က စဖြစ်တယ်။ ဘာတွေမှန်းကို မသိပါဘူးဗျာ။ ကိုယ့်အိမ်ထဲနေတာကို လုံခြုံမှုမရှိတဲ့ ခေတ်ကြီးပါဗျာ။ ကျည်ဆန်တွေလည်း အိမ်တွေပေါ်ကိုကျတယ်။ ကလေးတွေလည်း ကြောက်လန့်ပြီး ငိုကြတယ်။ စစ်သားကတော့ ၄ ဦးသေတယ်လို့ ကြားတယ်ဗျ။ သွားတော့မကြည့်ဖြစ်ဘူး။ တိုက်ပွဲဖြစ်တာကတော့ ဟုတ်တယ်” လို့ ပြောပါတယ်။
အဲဒီပစ်ခတ်မှုကို မုံရွာခရိုင် တပ်ရင်း-၁၉ မှ ကိုဘုန်းနိုင် (ယာယီတပ်ရင်းမှူး) ဦးစီးပြီး မုံရွာခရိုင်တပ်ရင်း ၂၄၊ အရာတော်မြို့နယ် ပ.က.ဖ၊ Ayandaw Bone Naing PDF၊ M.R.T.F PDF၊ ရောင်ပြန်တပ်ဖွဲ့တို့ ပူးပေါင်းပြီး တော်လှန်ရေး ရဲဘော် ၇ ဦး အသုံးပြု ပစ်ခတ်ခဲ့တာ လို့လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ယောကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ဇန်နဝါရီ ၅ ရက် မနက်ပိုင်းက Kanbalu Underground Warriors၊ MPF U.18၊ လင်းယုန်နီ၊ မြေပြင်လှုပ်ရှားညီနောင်များနဲ့ ကန့်ဘလူ တောင်ဘက်ခြမ်း Local အဖွဲ့တွေ ပူးပေါင်းပြီး ၆၀-မမ ၈ လုံး၊ ဒရုန်းဗုံးသီး ၂ လုံးအပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူတဦးက “စစ်ကောင်စီဘက်က တပ်သား ၃ ယောက် နေရာမှာတင် သေပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်။ စစ်ကောင်စီဘက်က ပျူစောထီးတွေ စစ်ကူရောက်လာလို့ ကျနော်တို့ မဟာမိတ်အဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက လက်နက်အားကိုးပြီး ယောကျေးရွာနေ ပြည်သူတွေကို ဖိအားပေး ခြိမ်းခြောက် အကျပ်ကိုင်ကာ သင်တန်းတက်ခိုင်းတယ်၊ ဆက်ကြေးလည်း ကောက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ပေါ်မှာ စိုင်ပြင်ဈေးအတွင်း လက်နက်နဲ့ ဈေးလာဝယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဇန်နဝါရီ ၅ ရက် နေ့လယ် ၂ နာရီကျော်က ပစ်သတ်ခဲ့တယ်လို့ မျက်မြင်တွေ့သူ ဒေသခံတွေဆီကနေ သိရပါတယ်။
ကိုယ်တိုင်ကြုံတွေ့ရသူ ဈေးသည်တဦးက “ဈေးလာဝယ်တဲ့ စစ်ကောင်စီ ၂ ဦး ပစ်သတ်ခံရတယ်။ နောက်ပြီး လက်နက်ပါယူသွားတယ်။ ဘယ်အဖွဲ့အစည်းက လာသတ်တယ် ဆိုတာကိုတော့ မသိဘူး။ ခဏနေတော့ ရဲစခန်းထဲက စစ်သားတွေ ရောက်လာပြီး ဈေးသည်တွေကို ဆဲဆိုပြီး လက်နက်တွေပစ်ဖောက်တယ်။ အဲလိုဖောက်တော့ ဈေးသည်တွေ အကုန်လုံး ထွက်ပြေးကြရတယ်” လို့ ပြောပါတယ်။
အခုလို စစ်သား ၂ ဦး ပစ်သတ်ခံရတာကြောင့် လမ်းပေါ်မှာတွေ့သူ အရပ်သားတွေကို ဖမ်းစီးစစ်ဆေးသလို ညနေပိုင်းမှာ စိုင်ပြင်ဈေးကို စစ်ကောင်စီတပ်က မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောဆိုပေမဲ့ ဆုံးရှုံးမှုအရေအတွက်ကို ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုချက်ရယူနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
မင်းကင်းမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက် ည ၈ နာရီက ပြည်သူ့ကာကွယ်ရေးပိုင် နယ်မြေဖြစ်တဲ့ ထုံးမန်းကျေးရွာဘက် ကင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်မိုင်းမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ မင်းကင်း ပကဖအဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
တိမ်လွှာဒေါင်းမင်းအဖွဲ့မှ ဗိုလ်ချက်ထောက်က “သူတို့က နယ်မြေချဲ့ရအောင်လို့ ကျနော်တို့ပိုင်နက်ထဲ ကင်းပုန်းခိုးတိုးတာဗျ။ အဲလိုတိုးတော့ ကျနော်တို့ထောင်ထားခဲ့တဲ့ တိုက်မိုင်းတွေနဲ့ မိပြီး ၂ ကောင် နေရာတင်သေသွားတယ်။ သူတို့ဘက်က ထိခိုက်တော့ ဆဲဆိုပြီး လက်နက်တွေနဲ့ ပစ်ခတ်တယ်။ သူတို့ပစ်တော့ ကျနော်တို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်သေးတယ်ဗျ။ ပစ်ခတ်ချိန်က ၁၅ မိနစ်လောက်တော့ ကြာမယ်။ အထိအခိုက်ကတော့ ကျနော်တို့ဘက်ကလည်း မရှိသလို စခတွေဘက်ကလည်း ကျဆုံးခြင်း ရှိမရှိ မသိရဘူး” လို့ ပြောပါတယ်။
မင်းကင်းမြို့နယ်အတွင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က မတောရွာနဲ့ လက်ပံဆိပ်ရွာကို မီးရှို့ခဲ့သေးတယ်လို့ မင်းကင်းဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
အခုတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာနဲ့ ပတ်သက်လို့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။