ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဧရာဝတီမြစ်အတွင်း ရွှေဖောင်လုပ်ငန်းခွင်က တဲတွေနဲ့ ရွှေတူးဖော်တဲ့ ပစ္စည်းတွေကို စစ်ကောင်စီတပ်က လိုက်လံဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
နောင်းချိန်းနဲ့ အင်ဂန်းရွာကြား ဧရာဝတီမြစ်ကြောင်းတလျှောက်က တဲတွေနဲ့ ရွှေတူးဖော်ရာမှာသုံးတဲ့ ပစ္စည်းတွေကို ဇန်နဝါရီ ၄ ရက်က ဖျက်ဆီးခဲ့တယ်လို့ ရွှေတူးဖော်လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
ရွှေဖောင်လုပ်သားတဦးက “စစ်တပ်က လက်နက်အပြည့်အစုံနဲ့ ရွှေတူးဖော်တဲ့နေရာ ၂၀ လောက်က တဲတွေနဲ့ ပစ္စည်းတွေကို မီးရှို့သွားတာ။ ဘာလို့ ဖျက်ဆီးသွားတာလဲ မသိဘူး” လို့ ပြောပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာလကလည်း ဝိုင်းမော်မြို့နယ်က ဧရာဝတီမြစ်ရိုးတလျှောက်မှာရှိတဲ့ ရွှေတူးဖော်ရေးလုပ်ငန်းခွင်က စက်လှေ ၁၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်လံ ဖမ်းဆီးပြီး မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။