ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်လေဆိပ် ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်စဉ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တယောက် ဒဏ်ရာရရှိကာ လေဆိပ် အဆောက်အဦး အနည်းငယ်ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွိုင်ကော်လေဆိပ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက် မနက် ၁၀ နာရီကတကြိမ်၊ ညနေ ၆ နာရီ ၂၅ မိနစ်မှာ တကြိမ် ဒရုန်းနဲ့ ၂ ကြိမ် တိုက်ခိုက်ခံရတာလို့ ဒေသခံ တဦးကပြောပါတယ်။
“ဒရုန်းနဲ့ ဗုံးသီးချတာ။ ရဲတဦးပေါင်မှာ အစမှန်၊ မစိုးရိမ်ရ။ အဆောက်အဦမြောက်ဘက် မြက်ခင်းပြင်မှာ ထပ်ကျတာ လူထိခိုက်မှုမရှိဘူး” လေဆိပ်တာဝန်ရှိသူနဲ့ နီးစပ်သူက ပြောပါတယ်။
လွိုင်ကော်လေဆိပ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ လွိုင်ကော်မြို့အရှေ့ဘက်ကို ပစ်ခတ်ခဲ့တဲ့အတွက် စစ်ရှောင်အမျိုးသမီး ၁ ဦး ထိခိုက်သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
လွိုင်ကော်မြို့လေဆိပ်မှာ စက်တင်ဘာ ၃၀ ရက် ဒီနေ့မနက်ပိုင်းကလည်း ရန်ကုန်-လွိုင်ကော် ပြေးဆွဲတဲ့ ခရီးသည်တင်လေယာဉ် ပစ်ခတ်ခံရလို့ လေယာဉ်ပေါ်ပါလာတဲ့ အမျိုးသား တဦး ထိခိုက်ဒဏ်ရာရပြီးတဲ့နောက် လေယာဉ်ပြေးဆွဲမှု ရပ်နားထားခဲ့ရပါတယ်။