ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်ရင်း ခလရ ၂၈၃၊ ၂၈၄၊ ၃၂ တပ်ရင်း ၃ ခုကို KNLA ပူးပေါင်းမဟာမိတ်အဖွဲ့တွေက ဇန်နဝါရီ ၄ ရက် မနက်က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNLA ပူးပေါင်းအဖွဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က မနေ့က တညလုံး လေကြောင်းပစ်ကူတွေ ပေးနေတဲ့ကြားကနေ ဒီမနက်မှာ ကြာအင်းဆိပ်ကြီးမြို့က စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အထိအခိုက် အကျအဆုံး များပြားကာ အရှင်ဖမ်းမိထားတာလည်း ရှိခဲ့သလို KNLA မဟာမိတ်ပူးပေါင်းဘက်ကလည်း အထိအခိုက်ရှိတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က KNLA ပူးပေါင်းအဖွဲ့တွေနဲ့ မှားယွင်းပြီး ရဟတ်ယာဥ်နဲ့ ဗုံးမှားကြဲမိတဲ့အတွက် တပ်ရင်း ၂၈၄ က ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ အဆိုပါ KNLA ပူးပေါင်းအဖွဲ့ဝင်က ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က အထိအခိုက် အကျအဆုံးတွေထဲမှာ တပ်ရင်းမှူးအဆင့် ပါဝင်သလို သေဆုံးသူ ထိခိုက်ဒဏ်ရာရသူတွေများပြားတော့ အသေးစိတ်ကိုတော့ မသိရသေးသလိုတပ်ရင်းမှူးမိသားစုကိုလည်း ဖမ်းဆီးထားခဲ့တယ်လို့ ပူးပေါင်းအဖွဲ့ထဲက ပြောပါတယ်။
အဆိုပါတိုက်ပွဲတွေကြောင့် ဘုရားသုံးဆူ ကြာအင်းဆိမ်ကြီးဘက်ကဒေသခံ ၁၅၀၀ ကျော်ဟာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာအကူညီတွေလိုအပ်နေကာ ထိခိုက်ဒဏ်ရာရသေဆုံးတာလည်းရှိနေခဲ့တယ်လို့ စစ်ဘေးရှောင်ဒေသခံတွေက ပြောပါတယ်။
အခုရက်ပိုင်းတွေမှာ ကေအန်ယူ တပ်မဟာ ၆ နယ်မြေအတွင်း တောင်စွန်းဘက်အနီးနားတဝိုက်ကို စစ်ကောင်စီတပ်ဘက်က အင်အားသုံးမြေပြင် ဝေဟင်ကပါ ထိုးစစ်ဆင်ပေမယ့် တော်လှန်ရေးတပ်တွေက စစ်ကောင်စီလက်အောက်ခံ BGF တပ်စခန်း၂ ခုကို လက်နက်ခဲယမ်းတွေနဲ့အတူ သိမ်းဆည်းထားပါတယ်။