Home
မြန်မာသတင်း
စစ်ခေါင်းဆောင် သမ္မတရူး ရူးနေချိန် စစ်တပ်အတွင်း ဖွဲ့စည်းပုံပျက်ပြီး ဒဏ်ရာရစစ်သည်များ စုပုံနေ
DVB
·
January 3, 2023
Min Aung Hlaing

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတရူး ရူးနေတဲ့အကြောင်း၊  လက်ရှိ သူ့ရဲ့စစ်တပ်ထဲမှာ ဗိုလ်မှူးတွေ အမိန့်မနာခံမှုနဲ့ အရေးယူခံနေရသလို စစ်ဆေးရုံတွေမှာလည်း ဒဏ်ရာရ စစ်သည်လူနာတွေ များပြားနေပြီး တပ်ရဲ့ဖွဲ့စည်းပုံ အပြည့်အဝ မရှိတော့ဘူးလို့ နေပြည်တော် လရောင်တော စိုက်ပျိုးရေးသင်တန်းကျောင်း တာဝန်ခံ ဦးကျော်ဌေးဦးက ပြောပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက် ဒေါ်ဆောင်ဆန်းစုကြည် အပါအဝင် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေအပြင် စစ်တပ်အရာရှိတွေနဲ့ ကြုံဆုံတွေ့ခဲ့ရတဲ့ ဦးကျော်ဌေးဦးဟာ မကြာသေးခင်က နေပြည်တော်အချုပ်ထောင်ကနေ လွတ်လာပြီးနောက် အမေရိကန်ကို ပြန်ရောက်ချိန် အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးတွေကို မြန်မာစစ်တပ်ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ ပြောဆိုခဲ့တာလို့ ဒီဗွီဘီနဲ့ သီးသန့်မေးမြန်းခန်းမှာ ဦးကျော်ဌေးဦးက ပြောပါတယ်။

“ငါတို့တိုင်းပြည်က တကယ်တမ်းကျရင် မင်းတို့ အမေရိကန် အပါအဝင် အနောက်ကမ္ဘာက တိုင်းပြည်ကိုပဲ အရေးယူခဲ့တာ။ တကယ့် စစ်အာဏာရှင် ထိပ်သီးတွေကို အရေးယူမပြခဲ့ဘူး။ အဲဒါကြောင့် ဒီစစ်တပ်က အပေါ်ထိပ်ပိုင်းက လုပ်ချင်တိုင်းလုပ်၊ လူပါးဝချင်တိုင်း ဝနေတာ။ ဘာမှ စည်းမျဉ်းစည်းကမ်း မရှိတော့ဘူး။ ပြီးတော့ နောက်တခုက စစ်တပ်ရဲ့ ဖွဲ့စည်းပုံ Structure က အပြည့်မရှိတော့ဘူး။ ဘာဖြစ်လို့ ဒီဟာကိုသိနိုင်လဲဆိုရင် နိုင်ငံရေးမဟုတ်ဘူးလေ၊ စစ်ရေးဆိုတဲ့အခါကျတော့ ကျနော် အဲဒါကိုပြောလိုက်တာ၊ ဘာဖြစ်လို့လဲဆိုတော့ ငါကိုယ်တိုင် စစ်သားတွေနဲ့ ဗိုလ်မှူး 2 IC Level အဆင့်တွေနဲ့ နေခဲ့ရတယ်။ အခု 2 IC ဗိုလ်မှူးတွေဆိုရင် အမိန့်မနာခံမှုနဲ့ အများဆုံးပဲ အရေးယူခံထားရပြီ။ သူတို့က စစ်ထွက်မတိုက်ချင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အမိန့်မနာခံရင် ထောင် ၃ နှစ်ချတယ်တဲ့၊ အဲဒီတော့ သူ ၃ နှစ်ပဲ အချခံလိုက်တယ်။ အဲတော့ ဒီ Level မှာ ဒီလိုဖြစ်နေပြီ။”

လက်ရှိ နေပြည်တော်မှာရှိတဲ့ စစ်ဆေးရုံတွေမှာလည်း ဒဏ်ရာရတဲ့စစ်သည်တွေ အများအပြား ဖြစ်နေတယ်လို့ ဦးကျော်ဌေးဦးက ပြောပါတယ်။

“နေပြည်တော် ခုတင် ၁၀၀၀ တို့၊ ခုတင် ၅၀၀ တို့၊ ခုတင် ၃၀၀ တို့ အရပ်ဘက်ဆေးရုံ မဟုတ်ဘူး၊ စစ်ဘက်ဆေးရုံတွေကို သွားကြည့်ပါ။ အရိုးခြေပြတ်လက်ပြတ်၊ ဒဏ်ရာပေါင်းများစွာ၊ ပြီးတော့ ဒီစစ်တပ်မှာ အမြဲတမ်း နိစ္စဓူဝ သေနေတာ၊ ပြည်သူနဲ့သွားပြီး ယှဉ်ပြီးတော့ ရန်ဖြစ်တာကိုး၊ ပြည်သူကို ရန်သူလုပ်တဲ့အတွက် ဒီအကျိုးဆက်တွေ ခံရတာ။ အောက်ခြေတပ်မတော်သားတွေ ဘဝက သနားစရာ သူတို့က နေစရာတောင် မရှိဘူးတဲ့။”

ဦးကျော်ဌေးဦးရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး CDM  ဗိုလ်ကြီးလင်းထက်အောင် ကလည်း လက်ရှိ စစ်ကောင်စီတပ်ရဲ့ ဖွဲ့စည်းပုံနဲ့ စွမ်းဆောင်ရည်ဟာ အာဏာမသိမ်းခင်ကထက် တော်တော်လေးကို ကျဆင်းသွားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“လက်ရှိ စစ်ကောင်စီတပ်တွေရဲ့ ဖွဲ့စည်းပုံကတော့ အာဏာမသိမ်းခင် ၂၀၂၀ ကာလနဲ့ ကြည့်ရင်တောင်မှ တော်တော်လေးကို လျော့နည်းသွားတာ တွေ့ရတယ်ပေါ့။ အဓိကတော့ ခြေလျင်တပ်တွေမှာပေါ့။ ခြေလျင်တပ်တွေရဲ့ ကျဆုံးမှုတွေ၊ CDM တွေ၊ နောက်ပြီးတော့ ဒဏ်ရာရတွေ ကြည့်မယ်ဆိုရင် တပ်တတပ်ကို အနည်းဆုံး ဆယ်ဂဏန်းလောက်ကတော့ လျော့နည်းသွားပြီပေါ့။ ဆယ်ဂဏန်းလောက် လျော့နည်းသွားရင်ကို ကျနော်တို့က ဖွဲ့စည်းပုံ တခုက တော်တော်လေး လျော့နည်းသွားတယ်လို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ ၂၀၁၀ နောက်ပိုင်းမှာ စစ်တပ်ကလူတွေရဲ့ စွမ်းဆောင်မှုတွေ၊ စွမ်းရည်တွေဟာ တော်တော်လေးကို ကျဆင်းနေတဲ့ အနေအထားတခုမှာ ရှိနေခဲ့တာ။ အခု ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ကာလတွေမှာတော့ ဒီ လူအင်အား တယောက်လျော့သွားရင်ကို သူတို့ရဲ့ လုပ်ဆောင်နိုင်မှုစွမ်းရည်က တော်တော်လေးကို ကျဆင်းသွားတာလည်း ဖြစ်တယ်။”

အဓိကအားဖြင့် ခြေလျင်တပ်နဲ့ ခြေမြန်တပ်တွေမှာ ဖွဲ့စည်းပုံပျက်သွားတဲ့အတွက် တချို့ မြေပြင်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေ အသာမရတာလို့လည်း CDM ဗိုလ်ကြီး လင်းထက်အောင်က သုံးသပ်ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂၀၂၁ ခုနဲ့ ၂၀၂၂ ခု ဖြစ်စဉ်တွေမှာ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်တွေက လက်ရဖမ်းဆီးရမိမှုတွေမှာ ဆိုရင်၊ ဥပမာ လူ ၅၀ လောက်နဲ့ ထိုင်ရမယ့်စခန်းတွေရှိတယ်၊ ဒါပေမဲ့ လူ ၅၀ မထိုင်နိုင်တော့ဘူး။ လူ ၂၀၊ ၃၀ လောက်နဲ့ပဲ ထိုင်ရတယ်။ ပြီးတော့ အဲဒီ ၂၀၊ ၃၀ လောက်က တာဝန်တွေများပြားနေတာပေါ့။ လူတယောက်ကို တာဝန် ၂ ခုလောက် လုပ်နေရချိန်မှာ တိုက်ရေးခိုက်ရေးကို ဦးစားမပေးနိုင်တော့တာရှိတယ်။ အဲဒါကြောင့် စခန်းကျဆုံးမှုတွေမှာ ဖွဲ့စည်းပုံပျက်ယွင်းမှုတွေကြောင့်လို့ ပြောလို့ရတယ်။ နောက်ပြီးတော့ သူတို့ရဲ့ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းတွေမှာလည်း ကျနော်တို့ရဲ့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ရှေ့မတိုးနိုင်တာရှိသလို သူတို့ ဖွဲ့စည်းပုံအပြည့် လက်နက်ခဲယမ်းကို လူ ၁၀ ယောက်လောက်နဲ့ ပို့ရမယ့်နေရာမှာ လူ ၅ ယောက်လောက်နဲ့ပဲ ပို့နိုင်လိုက်တဲ့၊ အခြေအနေတွေ၊ ဖြစ်သလိုဖွဲ့စည်းပြီး ပို့လိုက်ရတဲ့ အခြေအနေတွေ သွားတွေ့ရတယ်။ ဒါဟာ ဖွဲ့စည်းပုံမပြည့်မှုတွေ၊ ဖွဲ့စည်းပုံ လျော့ရဲမှုတွေကြောင့်လို့ ပြောလို့ရပါတယ်။”

မင်္ဂလာဒုံ၊ နေပြည်တော်၊ မော်လမြိုင် စတဲ့ တိုင်းစစ်ဌာနချုပ်တွေမှာရှိတဲ့ အဓိက တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေနဲ့ ဆက်စပ်တဲ့ စစ်ဆေးရုံတွေမှာ ဒဏ်ရာရစစ်သည်တွေ များနေတယ်လို့ တပ်တွင်း ဖရဲသီးတွေထံက သိရတဲ့အကြောင်းလည်း ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။

လက်ရှိ နိုင်ငံတဝန်း ဆင်နွှဲနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေ နေ့စဉ်လိုလို ထိခိုက်သေဆုံးမှုတွေ ရှိနေသလို မိုင်းဆွဲခံရတာတွေလည်း ရှိနေပြီး ခုခံတွန်းလှန်စစ် ၁ နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀,၁၅၀ ကျော် သေဆုံးခဲ့တယ်လို့ NUG က ကြေညာထားတယ်။

ကရင်ပြည်နယ်ထဲမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လစဉ် ရာနဲ့ချီသေဆုံးနေသလို ကရင်နီ (ကယား) ပြည်နယ်မှာလည်း စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စပြီးတော့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ စစ်ကောင်စီတပ်သား စုစုပေါင်း ၁,၆၉၂ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေမှာ ထိခိုက်ကျဆုံးများနေတာကြောင့် စစ်ကောင်စီတပ်ထဲမှာ အမိန့်မနာခံတဲ့ ဖြစ်စဉ်တွေ လူသိရှင်ကြား ဖြစ်ခဲ့တာတွေလည်း ရှိပါတယ်။

ဒါပေမဲ့ အမိန့်မနာခံမှုဖြစ်စဉ်က တပ်ထဲမှာ ရာခိုင်နှုန်းအားဖြင့် အယောက် ၁၀၀ မှာ တယောက်လောက်ပဲ ရှိနိုင်တယ်လို့ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။

“အမိန့်မနာခံမှု ဖြစ်စဉ်တွေကတော့ ခုအချိန်မှာ တကယ်ဖြစ်နေတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ တိုင်းစစ်ဌာနချုပ်တွေ၊ တပ်ရင်းဌာနချုပ်တွေနဲ့ တပ်မဌာနချုပ်တွေ ကြားမှာတော့ ဒီကိစ္စတွေ ရှိလိမ့်မယ်။ သူတို့တွေ ဖုံးဖိပြီး ကွယ်ထားတဲ့ ကိစ္စတွေလည်း ရှိမယ်။ ဖြစ်နိုင်ခြေကတော့ ၁ ရာခိုင်နှုန်းလောက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေသည် အမိန့်မနာခံရင် သူတို့ ဖြစ်လာမယ့် ဖြစ်စဉ်တွေကို သူတို့ ကြောက်ရွံ့နေကြတယ်။ ဒါပေမဲ့ အထက်နဲ့အောက်ကြားမှာ လှည့်ဖျားပြီးတော့ အမိန့်ကို လက်တလုံးကြားလုပ်တဲ့ပုံစံတွေ ပိုများမယ်လို့ ပြောရမယ်။”

စစ်ကောင်စီတပ်ထဲမှာ အရာရှိစစ်သည်တွေ ထောင်သောင်းချီ သေဆုံးဒဏ်ရာရ ဘဝပျက်နေချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ သမ္မတဖြစ်ရေးအတွက် ရည်မှန်းပြီး ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေပါတယ်။

အာဏာမသိမ်းခင်ကလည်း ပထမ ၃ နှစ်ကာလမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီက အာဏာယူပြီးနောက် ကျန်တဲ့ ၂ နှစ်မှာ သူ့ကို သမ္မတအဖြစ်ခန့်အပ်ဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥပဒေနဲ့မညီ တောင်းဆိုခဲ့တယ်လို့ ဦးကျော်ဌေးဦးက ပြောပါတယ်။

“သူရဲ့ ဥပဒေမဲ့ သမ္မတရူးတာ၊ သူဟာ သမ္မတ အလကားရူးတာဟုတ်ဘူး၊ ဦးမင်းအောင်လှိုင်က အစဉ်အဆက်မှာလည်း ဗမာပြည်မှာ ဖြစ်ခဲ့တယ်လေ၊ ဗမာပြည် လွတ်လပ်ရေးရတဲ့ နှစ် ၇၀ အတွင်းမှာ ကာကွယ်ရေးဦးစီးချုပ်တွေမှန်သမျှက ရှင်ဘုရင်တွေချည်းပဲဖြစ်ခဲ့တာ။ King တွေချည်းပဲ။ သူ့လက်ထက်ကျမှ သူက သည်းခံပြီး နေနေရတာ။ သူ မဖြစ်ခဲ့ဘူးဆိုတော့ သူက သိပ်သမ္မတ ဖြစ်ချင်တယ်၊ အလွန်အင်မတန်ကို ဥပဒေမဲ့ကို ရူးသွပ်နေတာ ဆိုတဲ့အခါကျတော့ မတော်လောဘနဲ့ သူက တောင်းဆိုတာ။”

လတ်တလော ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေါပေါများများချီးမြှင့်တဲ့ အခမ်းအနားမှာလည်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတတဦးသဖွယ် ဝတ်စားဆင်ယင် ပြုမူနေတယ်ဆိုပြီး အများပြည်သူက ဝေဖန်နေကြတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024