ခရစ်သက္ကရာဇ် ၂၀၂၃ သို့ ကူးပြောင်းခဲ့ပြီ။ တနှစ်ကုန်လို့ တနှစ်ပြောင်းချိန်မှာ မြန်မာပြည် တိုင်းတပါး ကျွန်အောက်ကလွန်မြောက်ခဲ့တာ ၇၅ နှစ်တင်းတင်းပြည့်ပြီပဲ။ တချို့ကတော့ ‘လွတ်လပ်ရေးစိန်ရတု’လို့ ဆိုကြတယ်။ အချုပ်အခြာအာဏာပိုင်နိုင်ငံ (Independence) တခုအဖြစ် ရောက်ရှိခဲ့ပေမဲ့ ‘လွတ်လပ်ရေးအရသာကို နိုင်ငံသားတိုင်း ခံစားကြရရဲ့လား’ဆိုတဲ့ သံသယအမေးတွေက ပဲ့တင်ထပ်လို့ နေပါတယ်။
‘လွတ်လပ်ရေးအရသာကို ခံစားကြရရဲ့လား’ ဆိုတာ အဖြေပေးစရာတောင် မလိုတဲ့ အမေးပုစ္ဆာတပုဒ်လိုပါပဲ။ လွတ်လပ်ရေးနဲ့အတူ တဦးချင်းလွတ်လပ်ခွင့်ဖြစ်တဲ့ (Freedom) လည်း ဆုံးရှုံးခဲ့ရတာအားလုံးအသိ။ တိုင်းရင်းသား လူငယ်တဦးက “လွတ်လပ်ရေးရပြီးမှ လွတ်လပ်ရေးဆုံးရှုံးသွားခဲ့တယ်”လို့ပြောခဲ့ဖူးတယ်။ သူဆိုလိုချက်ကို ဆန်းစစ်ကြည့်ရတာ “တိုင်းတပါးကျွန်ဘဝက လွတ်ပြီးမှ မြန်မာကျွန်ဖြစ်နေရတယ်”လို့ ဆိုလိုချင်ဟန်ပါပဲ။ တကယ်တန်း တော့မြန်မာ့ကျွန်မဟုတ်ပဲ မြန်မာတပြည်လုံး ’စစ်မိစ္ဆာဂိုဏ်း’ကျွန်ဖြစ်နေရတာကို အခုလောက် သူလည်းသိနေလောက် ရောပေါ့။
အဲ့လိုလွတ်လပ်ခွင့်ဆုံးရှုံးရခြင်းရဲ့တရားခံအဖြစ် ပြည်တွင်းစစ်ကိုပဲလက်ညှိုးထိုးပြလေ့ရှိပါတယ်။ သေချာတွက်စစ်ရင် လွတ်လပ်ရေးစိန်ရတုနဲ့ မရှေးမနှောင်းမှာပဲ ‘ပြည်တွင်းစစ်’လည်း စိန်ရတုတိုင်ခဲ့ပါပြီ။ “ဘယ်သူမှားတယ်။ ဘယ်သူမှန်တယ်။ဘယ်သူစတယ်” ဆိုတဲ့ အပြစ်တင်ချေချွတ်ငြင်းခုန်ခြင်းနေကြတဲ့ ‘ပြည်တွင်းစစ်သမိုင်း ပြည်တည်နာ’ကြီးလည်း နိတ္ထိတန်ဖို့ အချိန်သင့်နေပါပြီ။
တချိန်က ပြည်တွင်းစစ်ကိုဖြစ်ပေါ်စေခဲ့တဲ့ တာဝန်ရှိသူတွေလည်း သက်ရှိထင်ရှားမရှိကြတော့ဘူး။ သူတို့ရဲ့ဆိုး မွေကောင်းမွေကို ဆက်ခံကြတဲ့သူတွေကပဲ ပြည်တွင်းစစ်ကြီး အမြန်ချုပ်ငြိမ်းသွားစေဖို့အတွက် ဟော့ဒီနွေဦးတော်လှန်ရေးမှာ ကိုယ့်အဖွဲ့အစည်းဟာ ‘ဘယ်နေရာကနေ ပူးပေါင်းပါဝင်ပေးကြမလဲ။ ပါဝင်ပေးနိုင်မလဲ’ဆိုတဲ့ အမြင်နဲ့ ရှုမြင်သုံးသပ်ကြဖို့ပဲလိုပါတယ်။ ဒါဟာ ‘ရွှေပြည်အေးတရား’မဟုတ်။ လတ်တလောလိုအပ်ချက်အရ ဘုံရန်သူကို စုပေါင်းတွန်းလှန်ချိန်မှာ အငြင်းပွားစရာတခုမဖြစ်စေလိုတဲ့စိတ်နဲ့ပြောတာ။ နွေဦးတော်လှန်ရေး အောင်ပွဲခံပြီးသွား ရင် အသစ်အဟောင်းသမိုင်းအမှန်ပေါင်းများစွာ ပေါ်ထွက်လာကြမှာပါ။ ဒီတော့မှ ရှင်းချင်လည်းရှင်းကြပေါ့။
ဒီနေရာမှာ သခင်အောင်ဆန်းရဲ့နောက်ဆုံးမိန့်ခွန်းဖြစ်တဲ့ ၁၉၄၇ ခု ဇူလိုင် ၁၃ ရက်နေ့ မြို့တော်ခန်းမမှာပြောခဲ့တာလေးကို တင်ပြချင်တယ်။ သခင်အောင်ဆန်းက “လူငယ်နိုင်ငံရေးသမားတွေဟာ လွတ်လပ်ပြီးတဲ့ဗမာပြည်မှာ သိပ်မမိုက်ကြပဲ တဦးနဲ့တဦး ညီညီညွတ်ညွတ် လုပ်ကြဖို့တော့လိုတယ်။ ဒီလိုမှမဟုတ်ရင် လွတ်လပ်တဲ့ဗမာပြည်ဟာ လွတ်လပ်ရေးအရသာကို တင်းပြည့်ကျပ်ပြည့် ခံစားရမှာမဟုတ်ဘူး” လို့ နမိတ်ဖတ်မှာကြားခဲ့တယ်။ သူနမိတ်ဖတ်ခဲ့တဲ့အတိုင်းလည်း ဖြစ်လာခဲ့တာပါပဲ။
သူ့အမှာစကားတွေဟာ အမှန်တွေဖြစ်လာခဲ့တယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ လွတ်လပ်ရေးအရသာကို တကယ်ပဲ ပြည်သူတွေမခံစားကြရသေးပါဘူး။ “မင်းတို့နိုင်ငံ လွတ်လပ်ရေးပေးလိုက်ရင် သွေးချောင်းစီးသွားလိမ့်မယ်”လို့ ချာချီပြောခဲ့တဲ့အတိုင်း လွတ်လပ်ပြီးစကတည်းက ဖြစ်ခဲ့တဲ့စစ်ပွဲတွေကြောင့် သေဆုံးသူတွေ ကိုယ်လက် အင်္ဂါချို့တဲ့ရသူတွေ မရေတွက်နိုင်အောင်များပြားလွန်းခဲ့တယ်။ စစ်ဘေးရှောင်ကြရသူတွေကြည့်ရင် လူတွေသာ ငယ်ရာကကြီး၊ ကြီးရာကသေလို့ စစ်ဘေးရှောင်အသစ်တွေသာ မျိုးဆက်လိုက်ပြောင်းသွားကြပေမယ့် စစ်မီးကြီးကတော့ လောင်မြိုက်နေဆဲ။ တောက်လောင်နေဆဲ။ အသက်အိုးအိမ်စည်းစိမ်တွေ မရေတွက်နိုင်အောင်ဆုံးရှုံးနေရဆဲပါ။ ပြည်တွင်းစစ်ဝဲဩဂထဲမှာ ငရဲကျခံနေရတဲ့ဘဝက ပြည်သူအားလုံးလွတ်မြောက်ကြဖိုလိုပါပြီ။
ပြည်တွင်းစစ်စိန်ရတုတိုင်ခဲ့သလို စစ်မိစ္ဆာဂိုဏ်း’လက်အောက်ကျရောက်ခဲ့တာလည်း ငွေရတုကိုကျော်လွန်လာခဲ့ပါပြီ။ ထိုနည်းတူ ပြည်သူအားလုံး လွတ်လပ်ခွင့်ဆုံးရှုံးရုံမက Rule of Law လို့ပြောနေကြတဲ့ ‘တရားဥပဒေစိုးမိုးမှု’ဟာလည်း ဆိတ်သုဉ်းပျောက်ကွယ်ခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ။ ဗိုလ်ချုပ်ကြီးရဲ့ နုတ်အမိန့်ဟာ ဥပဒေတရပ် ဖြစ်ခဲ့တယ်။ ငွေနဲ့အာဏာရဲ့အောက်မှာ တရားဥပဒေအဆုံးအဖြတ်ဖြစ်ခဲ့တယ်။
‘တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ’ဆိုတဲ့ နိုင်ငံတော်သီချင်းလည်း အမိန့်အာဏာအောက်မှာ ပြားပြားဝပ်ခဲ့ကြရတယ်။ တရားမျှတမှုပျောက်ကွယ်ခဲ့တယ်။ စစ်မိစ္ဆာဂိုဏ်းနဲ့အပေါင်းပါတွေဟာ ‘မိစ္ဆာလူတန်းစားသစ်’တရပ်ဖြစ်လာခဲ့တယ်။ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ မေတ္တာလွှမ်းခြုံခြင်းတွေ ကင်းမဲ့ပျောက်ကွယ်သွားခဲ့တယ်။ လွတ်လပ်ရေးသာမက လွတ်လပ်ခွင့်ဆိုဆိုတာလည်း တိုက်ယူဖို့ကောင်းတဲ့အရာအဖြစ် တန်ဖိုးထားရတဲ့ စိတ်အခြေခံစံတခုပါ။ လွတ်လပ်ခွင့်ဟာ ဘဝရှင်သန်မှုနဲ့တောင် လဲယူနိုင်သည်အထိ တန်ဖိုးကြီးလှပါတယ်။
အဲ့ဒီလွတ်လပ်ခွင့်အတွက် သမိုင်းတလျောက်မှာ ခါးသည်းဖွယ်ရာတိုက်ပွဲပေါင်းများစွာပေါ်ခဲ့တာပဲ။ ကိုယ်နဲ့ဘာသာမတူသူတွေကို ဖိနှိပ်သတ်ဖြတ်ခဲ့တဲ့ (မဘသလို)ကျောင်းတော်ကြီးတွေနဲ့လည်း ဖိနှိပ်မှု တိုက်ပွဲဆင်နွှဲခဲ့ရတယ်။ဘုရင်တွေရဲ့အကြွင်းမဲ့သက်ဦးဆံပိုင်အာဏာပိုင်စိုးမှုကိုလည်ဆန့်ကျင်ခဲ့ကြရတယ်။ လွတ်လပ်မှုတိုက်ပွဲဟာ ကမ္ဘာမှာလည်း နှစ်ပေါင်းရှည်ကြာတိုက်ယူခဲ့ကြရတာ။ ဒီလိုတိုက်ယူခဲ့ရတဲ့ လွတ်လပ်ရေးနဲ့လွတ်မြောက်မှုတိုက်ပွဲကို အောင်မြင်ပြီးတာနဲ့ ကိုယ့်လွတ်မြောက်မှု လုံခြုံနေဖို့ကလည်း ကိုယ်တိုင်စောင့်ကြပ်ထိန်းသိမ်းကြရဦးမှာပါ။
မြန်မာနိုင်ငံမှာတော့ လွတ်လပ်ရေးရပြီးတဲ့နောက် ပျောက်ဆုံးသွားတဲ့တဦးချင်းလွတ်လပ်ခွင့်အတွက် စစ်မိစ္ဆာဂိုဏ်းချုပ်ငြိမ်းသည်အထိ ဆက်လက်တိုက်ပွဲဝင်ကြရဦးမှာပါ။ ဝင်လည်းဝင်နေရဆဲပါပဲ။ စစ်မိစ္ဆာဂိုဏ်းမချုပ်ငြိမ်းသေးသရွေ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုလည်းမရနိုင်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးလည်းမရနိုင်။ စစ်မှန်တဲ့ဒီမိုကရေစီလည်းမရနိုင်။ လက်ရှိအခြေနေအရ နစက က ကြံရွယ်နေတဲ့ ရွေးကောက်ပွဲဆိုတာ မြန်မာပြည်အတွက်တော့ စစ်မှန်တဲ့ထွက်ပေါက်မဟုတ်ဘူး။ ဆင်းရဲတွင်းထဲပြန်ဆင်းကြရမယ့် စစ်ကျွန်ဖြစ်မြဲဖြစ်နေစေမယ့် ထောင်ချောက်တခုမျှ သာဖြစ်တယ်။
ဒါကြောင့် နစကရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ငြင်းဆန်အာခံကြဖို့ လိုပါတယ်။ ဒါအပြင် လွတ်လပ်ခွင့်တိုက်ပွဲ အတွက်အင်အားစုတွေ တညီတညွတ်တည်း စုပေါင်းတိုက်ပွဲဝင်ကြဖို့လည်း အချိန်သင့်အခါသင့်ဖြစ်နေပါပြီ။ “စုပေါင်းအားနဲ့ခေတ်ဟောင်း စနစ်ဟောင်းကို ပြောင်းလဲပစ်ကြပါစို့” လို့ နှိုးဆော်ရင်း ၂၀၂၃ ရဲ့ ဝင်းလက်ထွန်းပြောင်လာမယ့် ‘လွတ်လပ်ရေးသစ်’ရဲ့ နှစ်သစ်ကို ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုလိုက်ပါတယ်။
နွေဦးတော်လှန်ရေးရဲဘော်အပေါင်း အောင်လံတလူလူ တခွန်ထူနိုင်ကြပါစေ။
ဂန္ထဝင်မောင်ထူး