စစ်ကိုင်းတိုင်း တမူးခရိုင်အထက်ပိုင်း မြို့သစ်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်ကောင်စီလက်အောက်ခံ ပျုစောထီးတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စရဖအရာရှိ အပါအဝင် ပျူစောထီး ၇ ယောက် သေဆုံးခဲ့တယ်လို့ တမူးပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ က ပြောပါတယ်။
ဒီဇင်ဘာ ၂၈ ရက် မနက် ၉ နာရီလောက် တမူး PDF တပ်ရင်း ၁၊ KNA (Burma) နဲ့ KCNDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ မြို့သစ်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ် စစ်ကောင်စီလက်အောက်ခံ SNA နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ မောင်းနှင်လိုက်ပါလာတဲ့ ကား ၁ စီး နဲ့ ထိပ်တိုက်တွေ့ဆုံကာ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စ.ရ.ဖ အရာရှိ မောင်ဇော်(ခ)မုတ်ဆိတ်၊ SNA တပ်သားစုဆောင်းရေးနဲ့ ဘဏ္ဍာရေးတာဝန်ခံ ဝင်းအောင်၊ SNA ဗိုလ် သက်စိုးနိုင်(ခ)သိန်းစိုးနိုင်၊ ပျူစောထီးခေါင်းဆောင် ငြိမ်းမောင်မောင်၊ ကျော်ထူး၊ မျိုးသူနဲ့ ပျူစောထီးအဖွဲ့ဝင် ၁ ဦးတို့ သေဆုံးခဲ့တယ်လို့ တမူး - PDF တပ်ရင်း ၁ က ပြောပါတယ်။
ဒါ့အပြင် ၄၀ မမ လက်နက်ကြီး ၁ လက်၊ ၄၀ မမ ဗုံးသီး ၁၄ လုံး၊ M4-16 ၁ လက်၊ AK-47 ၁ လက်၊ M-92 ၁ လက်၊ 81 ၁ လက်၊ 9mm ပစ္စတို ၁ လက်၊ 380 ပစ္စတို ၁ လက်၊ ကျည်အိမ် ၆ ခု၊ 7.62 mm ကျည် ၉၆ တောင့်၊ 9 mm ကျည် ၄ တောင့်၊ 380 ကျည် ၄ တောင့်နဲ့ ဆက်သွယ်ရေးစကားပြောစက် ၁ လုံးတို့ကို သိမ်းဆည်းရမိတယ်လို့ တမူး -PDF တပ်ရင်း ၁ တာဝန်ရှိသူက ပြောပါတယ်။
"နယ်မြေရှင်းလင်းရေး လုပ်နေတဲ့အချိန် ထိတွေ့တိုက်ပွဲဖြစ်တာပါ။ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပြီး စ.ရ.ဖ အရာရှိအပါအဝင် စုစုပေါင်း ၇ ဦး ကားပေါ်မှာပဲ သေသွားတာ။ သူတို့ အလောင်းတွေကို အဲဒီနားမှာပဲ ထားခဲ့လိုက်တာဆိုတော့ သူတို့လူတွေကပဲ လာကောက်ပြီး သင်္ဂြိုဟ်သွားကြတယ်။"
အဆိုပါ တိုက်ပွဲမှာ ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ထိခိုက်မှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ နောင်မှာလည်း မဟာမိတ်တွေ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ တမူး - PDF တပ်ရင်း ၁ က ပြောပါတယ်။