ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဧရာ၀တီမြစ်ကြောင်း တလျှောက်ရှိ အနောက်ဖက်ကမ်းဒေသ ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြစေတီရွာသား တယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေလဲ၊ ကောင်းစင့်၊ ပါပေါင်း၊ မြစေတီကျေးရွာ၊ ငှက်ပျောတောနဲ့ အထက်သဖန်းပင်ရွာတွေ ဘက်ကို ဒီဇင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက် မနက်ပိုင်းတွေက စစ်ကြောင်း ထိုးလာသလို မြစေတီ၊ ပါပေါင်းစတဲ့ ဧရာ၀တီမြစ်ကြောင်း တလျှောက် ရဟတ်ယာဉ် တစီး၊ တိုက်လေယာဥ် နှစ်စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။
ဒီဇင်ဘာ ၃၀ ရက် မနက် ၉ နာရီဝန်းကျင်လောက်မှာ ရေလဲရွာ၊ ကိုဦးဆိပ်၊ ရွာလည်ဆိပ်၊ မိကုန်းစွယ်နဲ့ ကောင်းစင့်ရွာဘုရားဆိပ်တွေမှာ ဆိုက်ကပ်ထားတဲ့ ရွှေစက်လှေ သုံးစီးနဲ့ ကျောက်တင်ထားတဲ့ တန်ခွန်မော်တော် တစီးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့လည်း ကျေးရွာဒေသခံ တဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ပါပေါင်းရွာဘက်ကို စစ်ကြောင်း နှစ်ကြောင်း ခွဲသွားခဲ့ကာ မနက် ၁၁ နာရီ လောက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
လက်ရှိ ပါပေါင်းရွာမှာ စစ်ကောင်စီ၀င်တွေ အင်အားအလုံးအရင်းနဲ့ တပ်ထိုင်ထားကာ လေယာဥ်ပျံတွေ ညအချိန်ထိ ၀ဲနေတာကြောင့် ကျေးရွာဒေသခံတွေနဲ့ ရွှေလုပ်ငန်း လုပ်ကိုင်နေသူတွေဟာ ဗန်းမော်မြို့ပေါ်နဲ့ ဘေးလွတ်ရာနေရာတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ စစ်ရှောင်စခန်းတွေမှာ စစ်ရှောင်နေကြရပါတယ်။