ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းကို အင်းစိန်ထောင်တွင်း တရားရုံးက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၂၀ ၊ ပုဒ်မ ၄၆၈ တို့နဲ့ တရားစွဲပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့က ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်လိုက်ပါတယ်။
မဆုရည်လင်းဟာ ဖမ်းဆီးခံရပြီး ရက်ပေါင်း ၁၀၂ ရက်ကြာပြီးတဲ့နောက်မှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီးတဲ့နောက် အခုလို ရာဇသတ်ကြီး ပုဒ်မတွေနဲ့ ထောင်ဒဏ် ထပ်မံချမှတ်ခဲ့တာလည်း ဖြစ်တယ်လို့ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားသမဂ္ဂရုံးက ထုတ်ပြန်ပါတယ်။
ဒါကြောင့် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်းကို စစ်ကောင်စီက ချမှတ်ထားတဲ့ စုစုပေါင်း ထောင်ဒဏ် ၅ နှစ် ရှိသွားပြီဖြစ်ပါတယ်။
မဆုရည်လင်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့က ကျင်းပခဲ့တဲ့ သပိတ်တိုက်ပွဲအသွားလမ်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကနေ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ကျောင်းသူ ၁၆ ဦးအထိ ရှိနေပြီလို့ သမဂ္ဂအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။