ပဲခူးတိုင်း ရေတာရှည်-လိပ်သို စစ်တောင်းမြစ်ကူးတံတား အနောက်ဘက်ခြမ်းမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို ငွေကြေးတောင်းခံနေတယ်လို့ ဖြတ်သန်းသွားလာခဲ့တဲ့သူတွေက ပြောပါတယ်။
အဲဒီတံတားက ပဲခူးတိုင်း အရှေ့ဘက်ခြမ်းကနေ ကရင်ပြည်နယ် ဘက်ခြမ်းကို သွားတဲ့ အဓိက လမ်းတံတားဖြစ်ပြီး နေ့စဉ် ခရီးသည်ကားနဲ့ ကုန်ကား အစီးရေ ရာနဲ့ချီပြီး ဖြတ်သန်းသွားလာနေတာလို့ ဒေသခံတွေက ဆိုပါတယ်။
အခုလို ဖြတ်သန်းသွားလာနေတဲ့ မော်တော်ယာဉ်တွေကို တံတားပေါ်မှာ စောင့်တဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေက တခါတလေ ကားတစီးကို ပျမ်းမျှ ၁ ထောင်ကျပ် ကောက်ခံနေပြီး ည ၈ နာရီကျော်ရင်လည်း စစ်ဆေးမေးမြန်းတာတွေ ကြုံတွေ့နေရတယ်လို့ ဖြတ်သန်းသွားလာခဲ့သူတစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က ကရင်ပြည်နယ် လိပ်သိုဘက်မှာ KNU နဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်တောင်းတံတားပေါ်မှာ ဖြတ်သန်းသွားလာတဲ့ မော်တော်ဆိုင်ကယ်တွေကို တံတားနားမရောက်ခင် ၅ ပေအကွာကနေ ဆင်းတွန်းခိုင်းသလို ကားတွေကိုလည်း စစ်ဆေးရေး တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အဲဒီစစ်တောင်းတံတားပေါ်မှာ စစ်ကောင်စီတပ်က လုံခြုံရေး ဆောင်ရွက်ခဲ့တာဖြစ်ပြီး အခုနှစ် နိုဝင်ဘာလက စတင်ကာ လုံခြုံရေးပိုမိုတင်းကြပ်ပြီး ငွေကြေးတောင်းခံမှု ပိုလုပ်လာတာလို့ သိရပါတယ်။