ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်ခါကျေးရွာမှာ ဒီဇင်ဘာ ၃၀ ရက်က စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးကျည် မူကြိုကျောင်းအနီးကျရောက်လို့ ကလေးငယ်တွေအပါအဝင် ဒေသခံ ၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မဇွပ်ယန်အချုပ်ထောင်နားမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ နေ့လယ် ၂ နာရီ မိနစ် ၂၀ လောက်မှာ ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာထဲကို ၂ လုံးကျပြီး ရွာစပ်ကို ၁ လုံးကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက “အားလုံးဒဏ်ရာရတာတော့ လက်ရှိ ၆ ဦး နောက်ထပ်ရှိနိုင်သေးတယ်။ ခုတော့ ဖားကန့်ဆေးရုံ ပို့လိုက်တယ်။ ရွာထဲ ၁ လုံး ဘုရားရှိခိုးကျောင်း ၁ လုံးနဲ့ မှော်ပုံရွာနောက်ဘက် ၁ လုံးကျတာ''လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့လက်နက်ကြီး ကျည်ပေါက်ကွဲမှုကြောင့် ရွာထဲကနေအိမ်မှာ အသက် ၂၈ အရွယ် အမျိုးသမီး ၁ ဦးဒဏ်ရာရရှိပြီး ဆန်ခါကျေးရွာ RC ရိုမင်ကက်သလစ်ဘုရားကျောင်းဝင်း မူကြို ကလေးထိန်းကျောင်းအနီးသို့ ကျရောက်ပေါက်ကွဲချိန်မှာ ကလေးငယ်တွေအပါအဝင် ၅ ဦးဒဏ်ရာတွေ ရရှိခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်ဘက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီတပ်စွဲရာ အချုပ်ထောင်အနီးကို ဒီဇင်ဘာလ ၂၃ ရက်က ဒေသခံကာကွယ် ရေးတပ်တွေက လာရောက်ပစ်ခတ်တိုက်ခိုက်တာ ရှိခဲ့ပါတယ်။